News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမှုရှိရေး တပ်မတော်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တပ်ချုပ်ပြောကြား
29-Jun-2020
ရန်ကုန်၊ ဇွန် ၂၉

လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိရေးအတွက် တပ်မတော်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားသတင်းဌာန Arguments and Facts သတင်းဌာနနှင့် ZVEZDA သတင်းဌာနတို့အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများနှင့် ဖြေကြားချက်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းဌာနများက လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပါဝင်လာမည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းရာတွင် တပ်ချုပ်ကယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လာမည့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးသည် နံပါတ် ၁ အရေးကြီးဆုံးဖြစ်ပြီး တပ်မတော်အနေနှင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် တာဝန်ယူဆောင်ရွက်ကာ ကူညီပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ယင်းသို့ ဆက်လက်ဆောင်ရွက်သွားမည့် တာဝန်က နံပါတ် ၁ ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒါယုံကြည်စိတ်ချရမှု ရှိတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့လည်း နိုင်ငံရေးကို ဘယ်လိုဝင်ပြီးတော့မှ ပါဝင်ရမယ် ဆိုတာစဉ်းစားဖို့ဖြစ်လာတာပေါ့။ အရေးကြီး တာကတော့ ရွေးကောက်ပွဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးပါ။ ဒါကို ကျွန်တော်တို့က အောင်မြင်အောင်လုပ်ပေးပါ့မယ်။ ရွေးကောက် ပွဲရလဒ် ထွက်ပေါ်လာတဲ့ အချိန်ကျမှ သက်ဆိုင်ရာ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီတွေရှိတယ်။ နောက်အဖွဲ့အစည်းတွေရှိတယ်။ အဲ့ဒီမှာ အမျိုးမျိုး ဆန္ဒပြုခဲ့ ကြတယ်။ ဒီအပေါ် မူတည်ပြီး ကျွန်တော်ကလည်း ဆက်လုပ်သွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနှင့် လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှုအခြေအနေများ၊ တပ်မတော်၏ သမိုင်းကြောင်းဖြတ်သန်းမှုများ၊ အကြမ်းဖက်လက်နက်ကိုင်နှိမ်နင်းနေမှု အခြေအနေများ၊ ရုရှားနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို အဆိုပါ တွေ့ဆုံမေးမြန်မှုများတွင် ထည့်သွင်းဖြေကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ မော်စကိုတွင် ကျင်းပခဲ့သည့် Great Patriotic war အောင်ပွဲနှင့် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

S-04