News

POST TYPE

2020 ELECTION

မန္တလေးတိုင်းရှိ မဲဆန္ဒနယ်မြေထက်ဝက်ခန့်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ယှဉ်ပြိုင်မည်
28-Jun-2020


မန္တလေး၊ ဇွန် ၂၇

ပြည်သူ့ရှေ့ဆောင်ပါတီအနေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေ ထက်ဝက်ခန့်တွင် ယှဉ်ပြိုင်ရန်ရည်ရွယ်ထားကြောင်း ယင်းပါတီ ဗဟိုတွဲဖက် အထွေထွေအတွင်းရေးမှူး မန္တလေးတိုင်း တာဝန်ခံ ဒေါက်တာမျိုးဆက်သွေးက ပြောကြားသည်။

လတ်တလောတွင် မန္တလေးတိုင်းအတွင်း ပါတီရုံးများဖွင့်လှစ်ရန် စီစဉ်ထားပြီး ကိုယ်စားလှယ်လောင်းရရှိမှုပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“မြို့နယ် အများစုမှာတော့ ကိုယ်စားလှယ်လောင်း အဆိုပြုတဲ့ သူရှိထားပြီးသားပါ။ တော်တော်များဆိုတာထက် တစ်ဝက်လောက်တော့ ဖြစ်မယ်ထင်တယ်။ အကြမ်းဖျင်းပေါ့။ ပါတီဝင်တွေ လှုပ်ရှားမှု၊ စည်းရုံးရေးမှူးရဲ့ စွမ်းဆောင်ရည် ကိုယ်စားလှယ်လောင်းရရှိမှုအပေါ်တော့ မူတည်တာပေါ့။ ရည်ရွယ် ချက်ကတော့ မန္တလေးတိုင်းအတွင်းမှာ တစ်ဝက်ကျော်လောက်ပြိုင်ချင်တာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ပါတီ၏စံတန်ဖိုး ကျင့်ဝတ်လိုက်နာနိုင်သူ၊ ကိုယ်စားလှယ်လောင်းသင်တန်း တက်ရောက်နိုင်သူ၊ ကိုယ်စားလှယ်ဖြစ်သွားခဲ့လျှင် တိုင်းပြည်အတွက် အကျိုးပြုသည့် အဆိုများ တင်သွင်းနိုင်မည့်သူ၊ အသိပညာ၊ အတတ်ပညာ (ပညာရပ်အရ၊ လုပ်ငန်းပိုင်ဆိုင်ရာအရသော်လည်းကောင်း အတွေ့အကြုံရှိသူ၊ စီမံခန့်ခွဲမှုစွမ်းရည်ရှိသူ) ကိုရွေးချယ်မည်ဟု ယင်းပါတီက အသိပေးထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်၍ ဒေါက်တာ မျိုးဆက်သွေးက “ပြည်သူ့ရှေ့ဆောင် ပါတီအနေနဲ့ လက်ရှိအခြေအနေအရ ဦးဆောင်ပြီး အစိုးရအဖွဲ့ ဖွဲ့နိုင်တဲ့အနေ အထားမရှိသေးပေမယ့် သက်ဆိုင်ရာ လွှတ်တော်တွေထဲမှာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ အလေးထားရတဲ့ ကိန်းဂဏန်းတစ်ခုရအောင် ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်။ ပါတီက ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်သွားရင်လည်း အစိုးရကိုအကောင်းဆုံးအကြံပြုပြီး ထိန်းကျောင်းသွားမယ်”ဟု ထပ်မံ ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် သဘောထားမတိုက်ဆိုင်၍နှုတ် ထွက်ခဲ့သူ ဒေါက်တာသက်သက်ခိုင်က ဦးဆောင်၍ ပြည်သူ့ရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်သက်သက်ခိုင်သည် လက်ရှိ ရန်ကုန်တိုင်း ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။ 

မန္တလေးတိုင်းအတွင်း မဲဆန္ဒနယ် ၃၆ နေရာရှိပြီး သက်ဆိုင်ရာလွှတ်တော် အသီးသီး၏ ကိုယ်စားလှယ်နေရာ အရေအတွက် ၁၀၅ နေရာရှိသည်။ ယင်းနေရာများမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၆ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၅၆ နေရာနှင့် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် တစ်နေရာတို့ ဖြစ်သည်။

ဘုန်းမြတ်