News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲတွင် အလုပ်သမားအရေးဆောင်ရွက်သူများ တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်
25-Jun-2020
ရန်ကုန်၊ ဇွန် ၂၅

၂၀၂၀ ရွေးကောက်ပွဲတွင် အလုပ်သမားအရေးဆောင်ရွက်သူများက စက်ရုံ၊ အလုပ်ရုံများရှိရာ မြို့နယ်များတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် အလုပ်သမားအရေးနှင့်ပတ်သတ်၍ ကျေနပ်အားရလောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် ၂၀၂၀ရွေးကောက်ပွဲတွင် အလုပ်သမားအရေးဆောင်ရွက်သူများ ဝင်ရောက်ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်အရွေးချယ်ခံမည့် တရားလွှတ်တော်ရှေ နေဦးဌေးက ပြောသည်။

“အလုပ်သမားအရေးကို လုပ်ဆောင်နေတဲ့သူတွေ လွှတ်တော်ထဲရောက်မှ အလုပ်သမားတွေနဲ့ပါတ်သတ်တဲ့ အကောင်းအဆိုးကိုတင်ပြနိုင်မယ် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်နိုင်မယ်။ ဒါ့ကြောင့် ဝင်ရွေးချယ်ခံတာ” ဟု ၎င်းကပြောကြားသည်။

အလုပ်ရုံ စက်ရုံများ များပြားသည့် လှိုင်သာယာအရှေ့၊ လှိုင်သာယာအနောက် နှစ်မြို့နယ်နှင့် ထန်းတပင်မြို့နယ်များတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အစရှိသည့် ကိုယ်စားလှယ် ရှစ်နေရာ ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်က ပြောကြားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် အလုပ်သမားလယ်သမားပြည်သူလူထုတစ်ရပ်လုံးမှ အပြောင်းအလဲတစ်ရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေး ချယ်ခဲ့သော်လည်း အလုပ်သမား၊ လယ်သမားဘဝများ တိုးတက်ပြောင်းလဲခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၂၀ရွေးကောက်ပွဲတွင် အလုပ်သမားလယ်သမားလူတန်းစားဘက်မှ ရပ်တည်ကာကွယ်နိုင်ရန် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် CTUM၊ MICS ၊ AFM၊ AMTUN ၊ FLAG ၊FLC ၊LHEO ၊LPG ၊WE Generation Network ဒို့မြေကွန်ယက် အစရှိသည့် အရပ်ဘက်အဖွဲ့အစည်းများ ၃ ကြိမ်တိုင်တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

J-01