News

POST TYPE

2020 ELECTION

တပ်ပြင်မဲရုံကိစ္စ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့်စည်းကမ်းနှင့်အညီ ဆောင်ရွက်မည်ဟုဆို
24-Jun-2020


နေပြည်တော်၊ ဇွန် ၂၃

တပ်ပြင်မဲရုံတွေကိစ္စနှင့် ပတ်သက်၍ တပ်မတော်အနေနှင့် ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုံခြုံရေးအရ ဆောင်ရွက်နိုင်သည့် လုပ်ငန်းမှန်သမျှကို ဆောင်ရွက်ပေးမည်ဟုလည်း ထပ်မတော်ဘက်က ပြောဆိုထားသည်။

"၂၀၁၅ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေတုန်းက လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်တွေတင်မကဘူး။ ဆန္ဒမဲလက်မှတ်တွေ အချိန်မီရောက်ရှိဖို့ ဆန္ဒမဲလက်မှတ်တွေနဲ့ပတ်သက်ပြီး မဲပေးတဲ့ပုံးတွေ အချိန်မီရောက်ရှိဖို့ တကယ့်ခက်ခဲတဲ့ဒေသတွေမှာ တပ်မတော်ရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေသုံးပြီး ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ပါတီစုံ ဒီမိုကရေစီစနစ်မှာစနစ်ရဲ့အသက်ဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် လုံခြုံရေးအရကော ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းမှန်သမျှကိုပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ပဋိပက္ခဖြစ်ပွားနေသည့် နေရာများ၌ တပ်မတော်သားများ တပ်အပြင်ဘက်မဲရုံများတွင် မဲပေးနိုင်ရေးကိစ္စကိုမူ ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူတည်ကာ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ 

စွမ်းရဲထွဋ်  (VOM)