News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲတွင် ရွှေ့ပြောင်းအလုပ်သမားအရေး စိုးရိမ်ရဟု ကယန်းအမျိုးသားပါတီပြော
22-Jun-2020
ရန်ကုန်၊ ဇွန် ၂၁

၂၀၂၀ ရွေးကောက်ပွဲတွင် ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စသည် စိုးရိမ်စရာဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခွန်းဘီထူးက The Voice Daily သို့ ပြောကြားသည်။ 

"၂၀၁၅ ရွေးကောက်ပွဲ အချက်အလက်အရဆိုရင် လူ ၇၀ဝ လောက် စည်းရုံးထားနိုင်ရုံနဲ့ ကိုယ်စားလှယ်လောင်းဖြစ် မယ့်အနေအထားဆိုတော့ ဒီနှစ်ထဲမှာလည်း ဒီလိုပဲဖြစ်နိုင်တာပေါ့။ အခုဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေက စိုးရိမ်စရာပိုဖြစ်တယ်။ ကန်ထရိုက်ကြီးတစ်ခုလာလို့ လူ ၃၀ဝ လောက်ပါလာရင်ပဲ မဲဆန္ဒရှင်အပြောင်းအလဲ အများကြီးဖြစ်သွားမယ့် အနေအထားပါ" ဟု ၎င်းကဆိုသည်။

မူလရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် မဲဆန္ဒရှင်တစ်ဦးအနေနှင့် ရောက်ရှိရာဒေသတွင် ရက်ပေါင်း ၁၈၀ နေထိုင်ရုံဖြင့် ဆန္ဒမဲပေးနိုင်မည့်အချက်ကို ထည့်သွင်းထားပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်ရန် ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပြီး ယင်းအတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က ထပ်မံအတည်ပြုထားကြောင်း ပြည်သူ့လွှတ်တော်ထံမှ သိရသည်။

" ရက်ပေါင်း ၉၀ ပြောင်းထားတဲ့အပေါ်မှာ စိုးရိမ်ကြောင်း UEC ကိုပြောတယ်။ သူတို့ဘက်ကတော့ အစုလိုက်အပြုံလိုက် မဲစာရင်းရွှေ့တာ မကြုံဖူးသေးဆိုပြီး ဖြေထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပြည်နယ်မှာက မဲဆန္ဒရှင်အရမ်းနည်းတဲ့အတွက် ရာခိုင်နှုန်းလောက်ပြောင်းရင်ကို ပြဿနာအကြီးအကျယ်ဖြစ်နိုင်တဲ့ အနေအထားဖြစ်တယ်" ဟု ဦးခွန်းဘီထူးက ဆိုသည်။

ယင်းရက်ပေါင်း ၉၀ ပြင်ဆင်ပြောင်းလဲချက်ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင်များဖြစ်သည့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပါအဝင် ၁၂ ပါတီနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့က ကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်ခဲ့ပြီး ကချင် အမျိုးသားကွန်ကရက်ပါတီက ဆန္ဒထုတ်ဖော်သည်အထိ ဖြစ်ခဲ့သည်။

"ဒီရက်ပေါင်း ၉၀ ပြင်ဆင်ဆုံးဖြတ်ချက်ကို လက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ ရက်ပေါင်း ၁၈၀ တောင်မရှိသင့်တာ။ ကမ္ဘာမှာလည်း မရှိဘူး။ အိမ်ထောင်စုရှိတဲ့နေရာမှာ အဝေးရောက် မဲပေးလို့ရနေတာပဲ။ မဟုတ်လည်း ကြိုတင်မဲလုပ်နေတာ အောင်မြင်နေတာပဲ။ ရွေးကောက်ပွဲ နှစ်ဆက်လုပ်ပြီးပြီ။ ဘာမှခက်တဲ့ကိစ္စ မဟုတ်ဘူး။ ရောက်တဲ့နေရာမှာ မဲပေးမယ်ဆိုတော့ အဲဒီဒေသရဲ့ ဆန္ဒမဲပေးပိုင်ခွင့်အပေါ် စွက်ဖက်တယ်ဆိုတော့ လက်မခံနိုင်ဘူး" ဟု ကချင်အမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက ပြောကြားသည်။

S -08