News

POST TYPE

2020 ELECTION

မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဝင်ပြိုင်မည်
21-Jun-2020


မန္တလေး၊ ဇွန် ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေအရေအတွက်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၅၆ နေရာ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၃၆ နေရာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာ ၁၂ နေရာဖြစ်သည်။ 

လက်ရှိတွင် USDP ပါတီ၏ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြို့နယ်အဆင့် ကိုယ်စားလှယ် လောင်းစာရင်းများကို ဗဟိုအလုပ်မှုဆောင်အဖွဲ့ထံတင်ပြထားကြောင်း၊ ၂၀၁၅-၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပလျက်ရှိသည့် လွှတ်တော်အသီးသီးသို့ တက်ရောက်နေသော ကိုယ်စားလှယ်ဟောင်းအချို့ ပြန်လည်ပါဝင်လာနိုင်ကြောင်း ဦးသိန်းထွန်းဦးက ဆက်လက်ပြောဆိုသည်။

“ကိုယ်စားလှယ်ဟောင်းအချို့လည်းပါနိုင်ပါတယ်။ ကိုယ်စားလှယ်လောင်းစာရင်း အတိအကျကတော့ ဗဟိုက အတည်ပြုပြီး တဲ့ နောက်ပိုင်းမှ ထုတ်ပြန်ကြေညာပေးပါမယ်။ အတည်မပြုရသေးတဲ့ကိစ္စတွေဖြစ်တဲ့အတွက် ထုတ်ပြောလို့မရသေးပါဘူး။ ဗဟိုကညွှန်ကြားတဲ့အချိန်မှာ ထုတ်ပြန်ပေးမှာပါ။ မန္တလေးတိုင်းမှာ မြို့နယ်အကုန်လုံးယှဉ်ပြိုင်မှာပါ” ဟု ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ကိုယ်စားလှယ် သုံးဦး ၊ အမျိုသားလွှတ်တော်သို့ ကိုယ်စားလှယ်နှစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်သို့ ကိုယ်စားလှယ် ခုနစ်ဦး တက်ရောက်ခွင့်ရရှိခဲ့ပြီး မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့်သာစည် မြို့နယ်တို့ရှိ မဲဆန္ဒနယ်မြေတို့တွင် အနိုင်ရရှိခဲ့သည်။

ဘုန်းမြတ်