News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲဝင်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံး လျှောက်လွှာတင်
20-Jun-2020


မန္တလေး၊ ဇွန် ၂၀ 

ယခုနှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံး လျှောက်လွှာတင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ြီူ ပါတီ(မန္တလေးတိုင်း) ထံမှ သိရသည်။ 

မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများအပါအဝင် လက်ရှိကျင်းပနေသော လွှတ်တော်အသီသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် အများစု လည်း ပြန်လည်လျှောက်လွှာတင်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ြီူ ပါတီ မန္တလေးတိုင်းဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။ 

“လက်ရှိကိုယ်စားလှယ်အများစု ပြန်လျှောက်ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေးကြောင့် မလျှောက်တာလည်းရှိပါတယ်။ အချို့က ဘယ်လိုကြောင့်လည်းတော့မသိဘူး။ ပြန်လျှောက်ရကောင်းမှန်း မသိလို့လားမသိဘူး။ ကိုယ်စားလှယ်အဟောင်းထဲ က ၄၊ ၅၊ ၆ ဦးတော့ ကျန်ခဲ့တယ်။ ကျန်တဲ့အများစုကတော့ ပြန်လျှောက်ကြတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတွေလည်း အကုန်ပြန်လျှောက်တယ် ” ဟု ၎င်းကရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေများမှ တဆင့် ပြည်သူ့လွှတ်တော်သို့ ၃၃ ဦး၊ အမျိုးသားလွှတ်တော် သို့ ၁၀ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်သို့ ၄၈ ဦး တက်ရောက် နိုင်ခဲ့ပြီး ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်နေရာတွင် လည်း အနိုင်ရရှိထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းအနေနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် မဲဆန္ဒနယ်မြေများအတွက် ပါဝင် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်သွင်းထားသူ စုစုပေါင်း ၅၆၂ ဦးရှိကြောင်း၊ လျှောက်လွှာတင်ထားသူများ အနက် လူငယ်ဦးရေ ၃၀ ခန့်နှင့် အမျိုးသမီးဦးရေ ၃၀ ဝန်းကျင်ပါဝင်နေသည်ကို တွေ့ရကြောင်း ဦးတင်ထွဋ်ဦးက ထပ်မံပြောကြားသည်။ 

မန္တလေးတိုင်းအတွက် တိုင်းအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းကို ဇွန်လကုန် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ကာ မြို့နယ်နှင့် တိုင်းအဆင့်တို့မှ ဦးစားပေးရွေးချယ်ထားသူများ၏ လျှောက်လွှာများနှင့်အတူ လာရောက်လျှောက်ထားသူများ၏ လျှောက်လွှာအားလုံးကို ပြန်လည်စိစစ်နိုင်ရန် ဗဟိုသို့ ပေးပို့ရမည်ဖြစ်သည်။ 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အနေနှင့် ပါတီစည်းကမ်းများအရ ကိုယ်စားလှယ်လောင်းလျှောက်လွှာပေးပို့ထားပြီးဖြစ်ကြောင်း၊ ပါတီက တာဝန်ပေးမည်ဆိုပါက ဆက်လက်ဆောင်ရွက်နိုင်ရန် နည်းလမ်းတကျ လုပ်ဆောင်ထား ကြောင်း ဦးတင်ထွဋ်ဦးက ရှင်းပြသည်။

သွေးကင်ဆာရောဂါခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံသို့သွားရောက်ကာ ဆေးကုသမှုခံယူထားခဲ့ပြီး လတ်တလောတွင် အစိုးရအဖွဲ့၏လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်နေပြီဖြစ်သည်။

မန္တလေးတိုင်းတွင် နေပြည်တောင်ကောင်စီ (ပြည်ထောင်စုနယ်မြေ) အပါအဝင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၆ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၅၆ နေရာနှင့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ၁ နေရာတို့ပါဝင်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယခုနှစ်နှောင်းပိုင်းတွင်ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားသည်။ 

ဘုန်းမြတ်