News

POST TYPE

2020 ELECTION

တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲ ရှေ့နေများ မျှော်လင့်မှုရှိ
19-Jun-2020
ရန်ကုန်၊ ဇွန် ၁၈

ဒီမိုကရေစီသက်တမ်းတစ်လျှောက်တွင် ပထမဦးဆုံးဖြစ်လာမည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို လာမည့်သြဂုတ်လအတွင်း ကျင်းပမည့်အပေါ် တရားလွှတ်တော်ရှေ့နေအသိုင်းအဝိုင်းတွင် မျှော်လင့်မှုများရှိနေကြောင်း ယင်းရှေ့နေများထံမှ သိရသည်။

တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို လာမည့် ၂၀၂၀ သြဂုတ်လတွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ တရားလွှတ်တော်ရှေ့နေများကောင်စီက အသိပေးကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲသည် လက်ရှိ NLD အစိုးရလက်ထက်တွင် တရားလွှတ်တော်ရှေ့နေများကောင်စီတွင် တရားလွှတ်တော်ရှေ့နေများ ပိုမိုကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်ရန် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်းတွင် အဆိုပါပြင်ဆင်သည့်ဥပဒေအရ ပထမဦးဆုံးကျင်းပမည့်ရွေးကောက်ပွဲလည်းဖြစ်လာမည်ဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြီးခဲ့သည့် ဧပြီလအတွင်းက တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် ဥပဒေများ ထုတ်ပြန်ခဲ့ပြီး အဆိုပါ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တရားလွှတ်တော်ရှေ့နေ ၁၁ ဦးကို ရွေးချယ်တင်မြှောက်မည်ဖြစ်ပြီး ယင်း ၁၁ ဦးထဲမှ တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးကိုလည်း ရွေးချယ်တင်မြှောက်မည်ဖြစ်ပြီး ရှေ့နေများအပေါ် ကိုယ်စားပြုနိုင်မည့် အဖွဲ့ဖြစ်လာနိုင်သည့်အတွက် ရှေ့နေများအနေနှင့် မျှော်လင့်မှုများရှိနေခြင်းဖြစ်သည်။

လာမည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို ရှေ့နေများအနေနှင့် အမြဲတမ်းစောင့်မျှော်နေသည့် ရွေးကောက်ပွဲဖြစ်ပြီး ယခင်ကတရားလွှတ်တော်ရှေ့နေများကောင်စီကို စစ်အစိုးရက ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကောင်စီတွင် အစိုးရကခန့်အပ်သည့် ရှေ့နေများသာပါဝင်ပြီး ကောင်စီအနေနှင့်လည်း ရှေ့နေများအပေါ်တွင် အကာအကွယ်ပေးတော့ခြင်းမရှိတော့ဘဲ ရှေ့နေများအပေါ်တွင်လည်း ကိုယ်စားမပြုတော့သည့် ကောင်စီဖြစ်လာကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးသိန်းသန်းဦးက ပြောကြားသည်။

NLD အစိုးရလက်ထက်တွင် စစ်အစိုးရလက်ထက်က ဖြုတ်ထားခဲ့သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥပဒေပါ ရှေ့နေများ ကိုယ်စားပြုခွင့်ပါဝင်သည့် ပုဒ်မ (၄) နှင့် ပုဒ်မ (၆) ကို ပြန်လည်ထည့်သွင်းပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းသန်းဦးက ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့ တစ်သက်မှာတော့ ဒါကပထမဦးဆုံးအကြိမ် အခွင့်အရေးကြုံလာတာဖြစ်တယ်။ ဒါ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ဖြစ်လာတာ။ ဒီဘားကောင်စီကို ဖျက်ခဲ့တာ ဖျက်ဆီးခဲ့တာ စစ်အစိုးရလက်ထက်က ကျွန်တော်တို့ရှေ့နေတွေကို ဖိနှိပ်ချင်လို့ ဖျက်သိမ်းခဲ့တာဖြစ်တယ်။ အဲဒါကြောင့် အခုရွေးကောက်ပွဲမှာ ရှေ့နေတွေ အကုန်ပါပြီး ရှေ့နေတွေ မဲပေးကြဖို့ ကျွန်တော်တို့ လှုံ့ဆော်နေတာဖြစ်တယ်"ဟု ၎င်းကဆိုသည်။

ရွေးချယ်တင်မြှောက်ခွင့်ရှိသော တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲကို ပြီးခဲ့သည့် ၁၉၈၆ တွင် နောက်ဆုံးကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၃၄ နှစ်ကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဤရွေးကောက်ပွဲတွင်ကိုယ်ကျင့်သိက္ခာတည်ကြည်ဖြောင့်မတ်၍  ဥပဒေပညာထူးချွန်ကာ ရှေ့နေများ၏ ဥပဒေပါအခွင့်အရေးများကို ရဲရဲဝံ့ဝံ့ကာကွယ်နိုင်သူများကို ရွေးချယ်တင်မြှောက်ပေးရန် ရှေ့နေတိုင်း၏တာဝန်ဖြစ်ကြောင်း ရှေ့နေများအနေနှင့် မဲပေးခွင့် ပုံစံများလျှောက်ထားကာ မဲပေးကြရန်ရွေးကောက်ပွဲတွင် ပါဝင်ကြရန် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းကလည်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် တရားလွှတ်တော်ရှေ့နေလိုင်စင်ရရှိထားသူ တစ်သောင်းခြောက်ထောင်ကျော်အထိရှိကြောင်း သိရသည်။

S-04