News

POST TYPE

2020 ELECTION

ဒေါ်နော်အုန်းလှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
18-Jun-2020


ရန်ကုန်၊ ဇွန် ၁၇

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေးနှင့် ကရင်အမျိုးသမီးများအရေး တကြွ်ကလှုပ်ရှားသူ ဒေါ်နော်အုန်းလှကို ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီထံမှ သိရသည်။

"သူက ကရင်တိုင်းရင်းသားတွေ အပေါ်မှာအနစ်နာခံမယ်၊ ဆောင်ရွက်မယ်၊ သစ္စာရှိတဲ့တိုင်းရင်းသူတစ်ယောက် ဖြစ်မယ်ဆိုတာရယ်၊ နောက်တစ်ချက်က ဒီတိုင်းရင်းသားအရေးအပေါ်မှာ ကိုယ်ကျိုးရှာမယ့်သူမဟုတ်ဘူးဆိုတာ ယုံကြည်တယ်။ လက်ရှိအချိန်မှာ ကရင့်အရေးနဲ့ပတ်သက်ရင် စွမ်းစွမ်းတမံနဲ့ ဆောင်ရွက်နေတာတွေ့ရတယ်။ နောက်ပြီးတော့ ကရင်တိုင်းရင်းသားတွေဘက်ကလည်း သူ့အပေါ် ယုံကြည်မှု၊ အားပေးမှုတွေကလည်း အပြည့်အဝရှိမယ်လို့ ယုံကြည်လို့ ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်" ဟု ယင်းပါတီဥက္ကဋ္ဌ ဒေးဗစ်လှမြင့် က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ရွေးချယ်ခံမည့်သူ ဒေါ်နော်အုန်းလှသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေစဉ် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၂၀ဝ၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ လုပ်ငန်းဖော်ဆောင်ရေး ဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို ညှဉ်းပန်းနှိပ်စက်သောရဲများ အရေးယူပေးရေးစသည့် အချက်များကို လက်ပံတောင်းတောင်ဒေသခံ ၁၅၀ နှင့်အတူ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရဖူးသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘက်ခြမ်းတွင် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ရာ ၎င်းအပါအဝင် ကရင်လူငယ်နှစ်ဦးဖမ်းဆီးခံခဲ့ရပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ ဖြင့် ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခံခဲ့ရသည်။ 

ဒေါ်နော်အုန်းလှသည် ကရင်လူမျိုးမိဘနှစ်ပါးမှ ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ဇာတိဖြစ်ကာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ ဝင်ရောက်ခဲ့ရာက နိုင်ငံရေးလောကသို့ရောက်ရှိခဲ့ပြီး ၂၀ဝ၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချမှတ်ခံရပြီးနောက် နိုင်ငံရေး အကျဉ်းသားဟောင်းများ လွတ်မြောက်ရေးဆုတောင်းပွဲ ဦးဆောင်ကျင်းပရာက လူသိများ ထင်ရှားလာခဲ့သူတစ်ဦးဖြစ်သည်။  

S -08