News

POST TYPE

2020 ELECTION

ပဲခူးတိုင်းဝန်ကြီးချုပ် လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်ဦးစားပေးအဆင့်ဖြင့် ရွေးချယ်ခံရ
18-Jun-2020
တောင်ငူ၊ ဇွန် ၁၇

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လာမည့်ရွေးကောက်ပွဲတွင် ရေတာရှည်မြို့နယ် ကိုယ်စားပြု၍ တိုင်းဒေသကြီး အမှတ်၂ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ရန် ဦးစားပေးအဆင့် ၁ ဖြင့် ရွေးချယ်ခံထား ရသည်ဟု ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံမှ စုံစမ်းသိရှိရသည်။

“အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် နေရာလေးခုမှာ ကိုယ်စားလှယ်ဟောင်းအများစုက ဦးစားပေးအဆင့် ၁ ၊ အမှတ်၂ တိုင်းဒေသကြီးအတွက်ပဲ၊ ယခင်ကိုယ်စားလှယ်တစ်ဦးကတော့ ဦးစားပေးအဆင့် ၂ ဖြစ်သွားတယ်”ဟု ရေတာရှည်မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးချစ်ထွေးက ပြောကြားသည်။

လူထုတွေ့ဆုံပွဲများနှင့်ကွင်းဆင်း စစ်ဆေးမှုများတွင် ပေါ့ပေါ့ပါးပါးပြောဆိုတတ်ခြင်းကြောင့် ဝေဖန်ခံနေရသည့် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယခုနှစ်အစပိုင်းက လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ရင်းနှီးသူများကို ပြောဆိုခဲ့သော်လည်း ယခုလ ၁၂ ရက်နေ့တွင်မူ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ထံသို့ လျှောက်လွှာတင်သွင်းခဲ့ရာမှ ဦးစားပေးအဆင့် ၁ ဖြင့် ရွေးချယ် ခံခဲ့ရခြင်းဖြစ်သည်။

ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာဇာတိ ဦးဝင်းသိန်းသည် အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပြီး စင်ကာပူနိုင်ငံတွင်  အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရေတာရှည်မြို့နယ် အမှတ်၂ တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရပြီး ဝါရင့်နိုင်ငံရေးသမားများကို ကျော်လွန်ကာဝန်ကြီးချုပ် ဖြစ်လာသူတစ်ဦးလည်းဖြစ်သည်။

အင်ဂျင်နီယာဘွဲ့ရခေတ်ပညာတတ် တစ်ဦးဖြစ်သော်လည်း တာဝန်ထမ်းခဲ့သည့် ငါးနှစ်နီးပါးကာလအတွင်း စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးပိုင်းတို့တွင် လက်စွမ်းပြနိုင်ခြင်းမရှိသည့်အပြင် စကားပြောဆိုသည့် အမှားအချို့ကြောင့် ဝေဖန်မှုများစွာ  ခံနေရသူလည်းဖြစ်သည်ဟု ဒေသခံနိုင်ငံ ရေးတက်ကြွလှုပ်ရှားသူအချို့က ပြောဆိုသည်။

အမှတ် ၅ မဲဆန္ဒနယ်မှနေ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်ရန် ဦးစားပေးအဆင့်  ၁ ဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ခံထားရပြီး ရွေးချယ်မှုများ ပြီးစီးပြီဖြစ်ကြောင်း လက်ရှိရေတာရှည်နှင့် တောင်ငူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်း (ခ)စာရေးဆရာမ ခင်မာလာကြာဖြူက  ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့်ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ရန် ရပ်မိရပ်ဖ  ၅ ဦး၊ ပါတီရွေးချယ်ရေး အဖွဲ့ဝင် ၂၀ ဦး၊ လူငယ်လုပ်ငန်းအဖွဲ့ဝင်နှစ်ဦးနှင့် အမျိုးသမီးအဖွဲ့ဝင်နှစ်ဦးဖြင့် မဲခွဲဆုံးဖြတ်ရွေးချယ်ရန် ညွှန်ကြားထားသည်။    

R-02