News

POST TYPE

2020 ELECTION

တစညပါတီက မြို့နယ် ၁၈၀ တွင် မဲဆန္ဒနယ်ပေါင်း ၄၂၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
17-Jun-2020
ရန်ကုန်၊ ဇွန် ၁၇ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၁၈၀ တွင် မဲဆန္ဒနယ်ပေါင်း ၄၂၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။

“၄၂၅ နေရာဆိုတာက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေလည်း ပါပါတယ်။ တိုင်းရင်းဒေသတွေမှာ နေရာပြည့်ဝင်မှာ မဟုတ်တဲ့အတွက် ဖြစ်တဲ့အခြေအနေပေါ်မူတည်ပြီး ညှိနှိုင်းလုပ်သွားဖို့ရှိပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ကတော့ အပြန်အလှန် ညှိနှိုင်းယူရမယ့် သဘောပေါ့” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေဆက်ခံသည့်ပါတီဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် အမျိုး သမီးကိုယ်စားလှယ်လောင်းဦးရေ ၈၀ ခန့်ဝင်ရောက်ခဲ့ကြောင်း၊ ယခုကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၁ ရာခိုင်နှုန်းခန့်ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ယင်းပါတီထံမှ သိရသည်။

“၂၀၁၀ ရွေးကောက်ပွဲရော ၂၀၁၅ မှာပါ ဝင်ပြိုင်ဖူးတဲ့အတွက် အခု ၂၀၂၀ မှာလည်း ထပ်မံဝင်ရောက် ယှဉ်ပြိုင်သွားဖို့တော့ ရှိတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဖို့ လိုအပ်နေပါတယ်။ မြန်မာအမျိုးသမီးတွေဟာ သမိုင်းအစဉ်အလာ ရှိခဲ့တယ်။ ခေတ်အဆက်ဆက် နိုင်ငံရေးမှာပါခဲ့တယ်။ ပါတီအနေနဲ့ကလည်း အမျိုးသမီးတွေ ပါလာအောင် အမြဲတမ်း ကြိုးပမ်းနေပါတယ်” ဟု ယင်းပါတီ ဗဟိုအမျိုးသမီးကော်မတီ တာဝန်ခံ ဒေါ်တင်တင်ထွေးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းဦးရေ ၃၀ ရာခိုင်နှုန်းကျော် ပါဝင်ရွေးချယ်ခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပြီး တည်ဆဲမှတ်ပုံတင်ထားသောပါတီ ၉၇ ပါတီ၊ ယာယီရပ်ဆိုင်းခံထားရသည့် ပါတီ ၃ ပါတီရှိကြောင်း၊ လက်ရှိ ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ပါတီ ၉၄ ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးယှဉ်ပြိုင်မည့်ပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း စည်းရုံးယှဉ်ပြိုင်မည့် ပါတီ ၁၈ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

S-08