News

POST TYPE

2020 ELECTION

ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းအမည်စာရင်း ဇွန်လကုန် နောက်ဆုံးထားပေးရန်ညွှန်ကြား
16-Jun-2020
ရန်ကုန်၊ ဇွန် ၁၆ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ညွှန်ကြားထားကြောင်း ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က The Voice Daily သို့ ပြောကြားသည်။

“အခုကတည်းကစပြီး မြို့နယ်တွေမှာ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတွေလက်ခံနေပြီ။ လက်ခံပြီးတာနဲ့ ဒီလကုန် ဗဟိုကို ပို့ပေးဖို့ညွှန်ကြားထားတယ်၊ ကိုယ်စားလှယ်လောင်း စိစစ်ရမယ့်အချက်တွေရှိတယ်။ အဲဒီအချက်တွေနဲ့အညီ သက်ဆိုင်ရာ မြို့နယ်အမှုဆောင်တွေက အဆိုပြုလွှာတွေလက်ခံမယ်။ လက်ခံပြီးရင် မြို့နယ်အမှုဆောင်အဖွဲ့ရဲ့မှတ်ချက်နဲ့ တိုင်းကိုပို့မယ်။ တိုင်းအမှုဆောင်အဖွဲ့ရဲ့မှတ်ချက်နဲ့ ဗဟိုကိုပို့မယ်။ ရွေးချယ်ရေးလုပ်ငန်းစဉ်ကတော့ ဗဟိုကနေ သက်ဆိုင်ရာတိုင်း၊ မြို့နယ်နဲညှိပြီးတော့ လုပ်မှာပါ” ဟု ၎င်းကဆိုသည်။

ပြည်သူ့ပါတီအနေနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲပြင်ဆင်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ယင်းကော်မတီတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးကျော်ကျော်စိုးကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပါတီစည်းရုံးရေးဌာန တာဝန်ခံ ဦးကျော်လင်းကလည်းကောင်း တာဝန်ယူထားကြောင်း ယင်းပါတီထံမှ သိရသည်။

“ကိုယ်စားလှယ်လောင်းဦးရေ ၁၀၀ ဝန်းကျင်လောက် ဝင်ပြိုင်ဖို့မှန်းထားတယ်။ အတိအကျကတော့ ရွေးချယ်ရေးလုပ်ငန်းစဉ်ပြီးမှ သိရမှာ။ တချို့လျှောက်တဲ့ ကိုယ်စားလှယ်ပိုင်းတွေက ပါတီရဲ့မူနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်ဖို့ လိုသေးတယ်။ ဘယ်နေရာတွေမှာ ဘယ်သူတွေဝင်ပြိုင်မလဲ ဆိုတာကတော့ ရွေးချယ်ရေးလုပ်ငန်းစဉ်ပြီးမှ ထုတ်ပြန်မယ်” ဟု ဦးရဲနိုင်အောင်က ရှင်းပြသည်။ 

ပြည်သူ့ပါတီကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ပါတီအမှတ်စဉ် ၁၁၀ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး ၇ ခုနှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မြို့နယ်ရုံးခွဲပေါင်း ၆၀ ကျော်၊ ရပ်ကျေးရုံးခန်းပေါင်း ၂၀၀ ကျော် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

S-08