News

POST TYPE

2020 ELECTION

မိတ္ထီလာမြို့နယ်တွင် NLD ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၁၃ ဦးခန့်ရှိ
16-Jun-2020
မိတ္ထီလာ၊ ဇွန် ၁၅ 

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ယောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သူ ၁၃ ဦးခန့်ရှိကြောင်း မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းစိုးဦးက ပြောကြားသည်။ 

"ကျွန်တော်တို့ မြို့နယ်အဆင့်အနေနဲ့ အကြမ်းဖျင်းရွေးချယ်မှုတော့ ပြီးသွားပြီ။ တိုင်းကိုတင်ဖို့လုပ်နေပါတယ်။ လျှောက်လွှာထုတ်တဲ့သူက အယောက် ၂၀ ရှိတယ်။ ပြန်တင်တာက ၁၃ ယောက်ရှိတယ်။ ဗဟို CEC ရဲ့ အတည်ပြုချက်ထွက်လာ မှသာလျှင် မိတ္ထီလာမြို့ကိုကိုယ်စားပြုပြီး တော့မှယှဉ်ပြိုင်မယ့် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်လောင်း အမည်များကို တရားဝင်ကြေညာပါ့မယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မိတ္ထီလာမြို့နယ် အလုပ်အမှုဆောင်အဖွဲ့က ပြီးခဲ့သော ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသော မြို့မိ၊မြို့ဖ ရွေးချယ်ပွဲအစည်းအဝေး၌ ဦးညီညီမောင် (မြနှင်းဆီ)၊ ဦးမျိုးဆွေ (ဂျပန်ကားပစ္စည်း)၊ ဦးဇင်မြင့် (ခြင်္သေ့မင်းတည်းခိုခန်း)၊ ဦးချစ်အေး (ဟိန်းထက်ဇော် အထည်စက်ရုံ)နှင့် ဦးဌေးအောင် (တက်နေဝန်း မျက်မှန်လုပ်ငန်း) တို့ကို ပါတီမူဝါဒ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဒီမိုကရေစီနည်းကျရွေးချယ်ခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်သူများကိုလည်း ပါတီအလုပ်အမှုဆောင်များနှင့် မြို့မိမြို့ဖများက စိစစ်ပေးခြင်းဖြစ်ကြောင်း အဆိုပါ ပါတီရုံးထံမှ သိရသည်။

လာမည့် နိုဝင်ဘာလတွင် ကျင်းပဖွယ်ရှိသော အထွေထွေရွေးကောက်ပွဲအတွက် မိတ္ထီလာမြို့နယ်မှ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၂၃၀,ဝ၀ဝ ကျော်ရှိနိုင်ကာ မဲရုံပေါင်း ၂၉၇ ရုံကျော်ရှိနိုင်ကြောင်း၊ မဲဆန္ဒရှင်စာရင်းမှာမူ အတိုး၊ အလျော့ရှိနိုင်ကြောင်း ယင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ မှ စုံစမ်းသိရှိရသည်။    

R-01