News

POST TYPE

2020 ELECTION

ပဲခူးတိုင်းဝန်ကြီးချုပ် ရေတာရှည်မြို့မှ ပြန်အရွေးခံရန် လျှောက်လွှာတင်
15-Jun-2020
တောင်ငူ၊ ဇွန် ၁၄

ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လာမည့်ရွေးကောက်ပွဲ၌ ရေတာရှည် မြို့နယ်မှနေ၍ တိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ်မှ ပြန်လည်ရွေးချယ်ခံသွားမည်ဖြစ်သည်ဟု ရေတာရှည်မြို့နယ်မှ မြို့ခံနိုင်ငံရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိ ရသည်။

“ဝန်ကြီး‌ချုပ်ရဲ့ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ပြီးပါပြီ။ ရပ်မိ ရပ်ဖတွေနဲ့ အမှုဆောင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ဖို့ လုပ်ဆောင်နေပါပြီ”ဟု ရေတာရှည်မြို့နယ် NLD ပါတီအတွင်းရေးမှူး ဦးချစ်ထွေးက ပြောကြားသည်။

ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာသား ဦးဝင်းသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရေတာရှည်မြို့နယ် ကိုယ်စားပြု၍ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်အ‌ရွေးချယ်ခံခဲ့ပြီး ဝါရင့်နိုင်ငံရေးသမားအချို့ကို ကျော်လွန်ကာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သူဖြစ်သည်။

ယင်းကဲ့သို့ ရေတာရှည်မြို့နယ်တိုင်းဒေသကြီး အမှတ်၂ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ခဲ့သည်ကို  ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းထံ The Voice သတင်းစာက ဇွန်လ ၁၃ ရက်နေ့ညနေက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှု မပြုခဲ့ပေ။

အင်ဂျင်နီယာဘွဲ့ရ ခေတ်ပညာတတ်တစ်ဦးဖြစ်သော်လည်း တာဝန်ထမ်းခဲ့သည့် ငါးနှစ်နီးပါးအတွင်း စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးပိုင်းတို့တွင် လက်စွမ်းပြနိုင်ခြင်းမရှိသည့်အပြင် စကားပြောဆိုရာတွင်လည်း အမှားအချို့ကြောင့် ဝေဖန်မှုများစွာ ခံနေရသူဖြစ်သည်ဟု ဒေသခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူအချို့က ဝေဖန်ပြောဆိုနေကြသည်။

ထိုကဲ့သို့ ဝေဖန်မှုများရှိနေခြင်းနှင့်ပတ်သက်၍ တောင်ငူမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “ရေတာရှည်ကတော့  သိသိသာသာဖွံ့ဖြိုးတိုးတက်သွားတယ်ဗျ”ဟု ပြောကြားသည်။

ပဲခူးတိုင်း တောင်ငူခရိုင် ၆ မြို့နယ်အတွင်း လာမည့်နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရှစ်သိန်းကျော်ရှိပြီး ယင်းတို့အနက် ပထမဦးဆုံးအကြိမ် ဆန္ဒမဲပေးမည့်လူငယ် တစ်သိန်းကျော်ရှိနေသည်ဟု ရွေးကောက်ပွဲကော်မရှင်ထံမှ စုံစမ်းသိရှိရသည်။ 

R-02