News

POST TYPE

2020 ELECTION

မဲဆန္ဒနယ်များသတ်မှတ်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံမည်
14-Jun-2020
ရန်ကုန်၊ ဇွန် ၁၄ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များသတ်မှတ်နိုင်ရန် ယခုတစ်ပတ်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

“အခု ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် သတ်မှတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်။ ဒီတစ်ပတ်ထဲမှာ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲတွေ၊ တာဝန်ရှိသူတွေကိုခေါ်ပြီး ညှိနှိုင်းဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်နှစ်နယ် သတ်မှတ်ပေးပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သတ်မှတ်ရာတွင် လူဦးရေအချိုးအစားနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ မြို့နယ်အနည်းအများပေါ် အခြေခံ၍ သတ်မှတ်ရသည့်အတွက် အခက်အခဲရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အမျိုးသားလွှတ်တော်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် ၁၂ ဦးနှုန်းဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ် ၁၆၈ ဦး၊ စုစုပေါင်း ၂၂၄ ဖြင့်ဖွဲ့စည်းထားကြောင်း၊ ရွေးကောက်ခံ မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် တစ်မြို့နယ်လျှင် မဲဆန္ဒနယ်နှစ်ခုဆီမှ မြို့နယ် ၆ ခု ပေါင်းကာ မဲဆန္ဒနယ်တစ်နယ် သတ်မှတ်ရသည်သာမက ခရိုင်တစ်ခုလုံးအပေါ်တွင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်ရသည်အထိရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာအတွက် နိုင်ငံရေးပါတီ ၃၄ မှ ဝင်ရောက်ယှဉ်ပြိုင်သူ ၄၇၂ ဦး၊ တစ်သီးပုဂ္ဂအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ၇ ဦးရှိပြီး အမျိုးသမီး ၆ ဦးပါဝင်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၇၂ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၈၄၄ ဦး၊ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ၄၂ ဦးရှိပြီး အမျိုးသမီး ၂၃ ဦးပါဝင်ကြောင်း သိရသည်။

S-08