News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲကို ဟန်ပြမဟုတ်ဘဲ စံပြဖြစ်အောင် လုပ်ဆောင်မည်ဟုဆို
07-Jun-2020
ရန်ကုန်၊ ဇွန် ၇ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဟန်ပြမဟုတ်ဘဲ စံပြဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောကြားသည်။

“၂၀၁၉ ခုနှစ်ထဲမှာပဲ နိုင်ငံရေးပါတီအားလုံးကို ခေါ်ယူတွေ့ဆုံပြီးတော့ နှစ်ကြိမ်တိုင်တိုင် ညိနှိုင်းဆွေးနွေးခဲ့တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေဆုံပြီးတော့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ သတင်းမီဒီယာတွေနဲ့ တွေ့ပြီးတော့လည်း သတင်းထုတ်ပြန်တာတွေ လုပ်ခဲ့တယ်။ အရင်ရွေးကောက်ပွဲတွေတုန်းက ဒါမျိုးတွေမရှိခဲ့ဘူး။ ဟန်ပြမဟုတ်ဘူး၊ စံပြအနေနဲ့လုပ်မယ်။ ၂၀၂၀ ရွေးကောက်ပွဲကြီး အောင်မြင်ဖို့အတွက် စံ ၅ ချက်နဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး တည်ဆဲမှတ်ပုံတင်ထားသော ပါတီ ၉၇ ပါတီတွင် ယာယီရပ်ဆိုင်းခံထားရသည့်ပါတီ ၃ ပါတီရှိကြောင်း၊ တစ်နိုင်ငံလုံးဝင်ရောက်စည်းရုံးယှဉ်ပြိုင်မည့်ပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၁၈ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ရွေးကောက်ပွဲစံ ၅ ချက်ဖြစ်သည့် လွတ်လပ်ခြင်း၊ မျှတခြင်း၊ အများယုံကြည်လက်ခံခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပြည်သူများ၏ဆန္ဒနှင့် မဲရလဒ်ထပ်တူညီခြင်းဟူသည့်အချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ရရှိထားသည့် အခြေခံမဲစာရင်းများကို Update တစ်လတစ်ကြိမ် ကွယ်လွန်သူများကို ဖယ်ထုတ်ခြင်း၊ မှတ်ပုံတင်၊ အမည်ထပ်နေခြင်း၊ လွဲမှားနေခြင်းကို ပြင်ဆင်ခြင်းများ လုပ်ဆောင်နေပြီး မဲစာရင်းကြေညာသည့်အချိန်တွင် ပါသင့်သူများ မပါခြင်း၊ မပါသင့်သူများ ပါဝင်နေခြင်းများရှိပါက ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ တောင်းဆို၊ ကန့်ကွက်မှုများ ရှိမည်ဖြစ်သဖြင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်းဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

S-08