News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်
04-Jun-2020
နေပြည်တော်၊ ဇွန် ၄

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲနည်းတူ နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောသည်။

“အရင်တုန်းက ပထမတစ်ကြိမ်မှာ ၂ လနဲ့ ၂၄ ရက်၊ နောက်တစ်ကြိမ်မှာ ၄ လ ကြိုကြေညာတယ်။ အဲ့အတိုင်းပဲ မပြောင်းလဲဘူး။ အရင်တုန်းက ကျင်းပတဲ့အတိုင်းပဲ နိုဝင်ဘာလထဲမှာ ဖြစ်မှာပါ” ဟု၎င်းပြောသည်။

ယနေ့( ဇွန် ၅ )နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျင်းပမည့် နေ့ရက်အတိအကျကိုမူ ၎င်းတို့က ထုတ်ပြန်ပြောဆိုခြင်းမပြုသေးပေ။

အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်နှင့်မဲရုံများ သတ်မှတ်နိုင်ရေးလုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ဇွန်လ ၁ ရက်မှစ၍ ကော်မရှင်ရုံးတွင်ပြုလုပ်လျက်ရှိကြောင်း ဦးမြင့်နိုင်ကရှင်းပြသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် ၃၇ သန်းကျော်ရှိနေပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်ဆက်သွယ်ဆောင်ရွက်နေသော ပါတီ ၉၄ ပါတီ ရှိကြောင်း ကော်မရှင်ထံမှသိရသည်။

ယင်းရွေးကောက်ပွဲတွင် ပြည်ထောင်စု တဝန်းလုံး၌ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၇၉ ပါတီ ရှိကြောင်း ကော်မရှင်က မေလ ၂၅ ရက်တွင် ကြေညာထားသည်။