News

POST TYPE

2020 ELECTION

ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မှုသည် ပြည်နယ်သာမက တိုင်းဒေသကြီးပါ ပြဿနာရှိနိုင်ဟုဆို
28-May-2020


ရန်ကုန်၊ မေ  ၂၇ 

အမျိုးသားလွှတ်တော်က ထပ်မံအတည်ပြုလိုက်သည့် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် ဆန္ဒမဲပေးနိုင်မှုသည် ပြည်နယ်များတွင်သာမက တိုင်းဒေသကြီးများအတွင်းပါ ပြဿနာရှိလာနိုင်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြောကြားသည်။

"အမှတ်မှားနေတာက ပြည်နယ်လူမျိုးစုပဲ နစ်နာတယ်ထင်နေတာ၊ မဟုတ်ဘူးဗျ။ တိုင်းဒေသကြီးမှာလည်း ဒီပြဿနာက အများကြီးပဲ။ ဥပမာ-မကွေးတိုင်းထဲမှာ ဆိုလာစနစ်စီမံကိန်းတွေ၊ တခြားစီမံကိန်းတွေမှာ တခြားတိုင်းနဲ့ ပြည်နယ်ကလူတွေ လာလုပ်မယ်။ အဲဒီလူတွေ ထောက်ခံတာက NLD မဟုတ်ဘူး၊ USDP ထောက်ခံတယ်ဆိုရင် အဲဒီအချိန်မှာ NLD ရှုံးရင်လည်း ရှုံးသွားနိုင်တယ်။ စီမံကိန်းတွေမှာက လုပ်သားတွေက အများကြီး၊ ဒီလုပ်သားတွေက ဒီနေရာမှာလာပြီး အဆုံးအဖြတ်ပေးမယ်ဆိုရင် မှန်ကန်ရဲ့လား၊ နိုင်ငံရေး အဆုံးအဖြတ်တစ်ခုဆိုတာက မှန်ကန်မှုနဲ့ မျှတမှုက အရေးကြီးတယ်" ဟု ၎င်းကဆိုသည်။ 

မူလရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် မဲဆန္ဒရှင်တစ်ဦးအနေနှင့် ရောက်ရှိရာဒေသတွင် ရက်ပေါင်း ၁၈၀ နေထိုင်ရုံဖြင့် ဆန္ဒမဲပေးနိုင်မည့်အချက်ကို ထည့်သွင်းထားပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်ရန် ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ရာ ယင်းအတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က ထပ်မံအတည်ပြုကာ ပြန်လည်ပေးပို့လာကြောင်း မေလ ၂၅ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အသိပေးခဲ့ခြင်းဖြစ်သည်။

ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ သို့ ပြင်ဆင်ပြောင်းလဲချက်နှင့်ပတ်သက်၍ ယခင်ရွေးကောက်ပွဲများတွင် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိသဖြင့် ပြင်ဆင်ရန် မလိုအပ်သည့်အပြင် ဆန္ဒမဲပေးလိုသူများအနေနှင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင်များဖြစ်သည့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ကချင် အမျိုးသားကွန်ဂရက်ပါတီ (KNC)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပါအဝင် ၁၂  ပါတီနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)တို့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။ 

S-08