News

POST TYPE

2020 ELECTION

နိုင်ငံသားတစ်ယောက်၏ တာဝန်ဟုခံယူကာ မဲပေးကြရန် ရွေး/ကော်တိုက်တွန်း
20-May-2020
ရန်ကုန်၊ မေ ၂၀ 

ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားစေရန် ဆန္ဒမဲပေးရခြင်းသည် နိုင်ငံသားတစ်ယောက်၏ အဓိကတာဝန်ဟုခံယူကာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က တိုက်တွန်းပြောကြားသည်။

“ရွေးကောက်ပွဲလုပ်မှ ဒီမိုကရေစီက ပိုပြီးတော့ ရှင်သန်မှာကိုး။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲလုပ်ပြီး ကိုယ့်ရဲ့ကိုယ်စား နိုင်ငံတော်ရဲ့ အရေးအရာတွေကို စီမံခန့်ခွဲမယ့် ကိုယ်စားလှယ်တွေကို နိုင်ငံသူ နိုင်ငံသားတွေက ဆန္ဒမဲပေးပြီး ရွေးချယ်ရတာ။ ဒါကြောင့် ဒီမိုကရေစီရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူတွေက ဆန္ဒမဲပေးကြပါ။ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် နိုင်ငံသားတစ်ယောက်ရဲ့ အရေးကြီးဆုံးတာဝန်က ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့တာဝန်ပဲ” ဟု ၎င်းကဆိုသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၂၉ သန်းကျော်ရှိပြီး ၂၂ သန်းကျော် လာရောက်မဲပေးခဲ့ရာ ၇၇ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆ သန်းကျော်ရှိခဲ့ရာ လေးသန်းကျော်လာရောက်မဲပေးသဖြင့် ၆၄ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းကျော်ရှိခဲ့ရာ ၂၄ သန်းကျော်လာရောက်မဲပေးခဲ့သဖြင့် ၆၉ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အတွင်း ဆန္ဒမဲပေးပိုင်းခွင့်ရှိသူ နှစ်သန်းကျော်ရှိခဲ့ရာ ၇ သိန်းကျော်လာရောက်မဲပေး သဖြင့် ၃၇ ရာခိုင်နှုန်းမဲပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈ သိန်းကျော်ရှိခဲ့ရာ ၄ သိန်းကျော် လာရောက်မဲပေးသည့်အတွက် ၄၃ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

“ဆန္ဒမဲပေးပိုင်ခွင့်ရှိတာ မှန်သော်လည်းပဲ မဲစာရင်းမပါရင် မဲပေးလို့မရဘူး။ အဲဒါကြောင့် မဲစာရင်းတွေပြုစုတဲ့အချိန်မှာ ကိုယ့်နာမည်ပါအောင်ကြိုးစားပါ။ ရွေးကောက်ပွဲနီးလာရင် မဲစာရင်းတွေကပ်မယ် ကြေညာမယ်။ အဲဒီအချိန်အခါမှာလည်းပဲ ကိုယ့်နာမည်ပါ၊ မပါ သွားကြည့်ပါ။ မပါရင် သတ် မှတ်ထားတဲ့ပုံစံနဲ့လျှောက်ထားပါ။ ရွေးကောက်ပွဲနေ့ကျရင်လည်း မဖြစ်မနေ မဲသွားပေးပါ။ ဒါတွေဟာ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်တွေပဲ” ဟု ဦးမြင့်နိုင်ကဆိုသည်။

S -08