News

POST TYPE

2020 ELECTION

အမျိုးသမီးများအရည်အချင်းကို အသုံးချပြီး နိုင်ငံရေး၌ပါဝင်ရန် ရွေး/ကော်တိုက်တွန်း
17-May-2020
ရန်ကုန်၊ မေ ၁၇ 

အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူလိုက်နိုင်သည့် အရည်အချင်းများရှိရာ ယင်းအရည်အချင်းများကို အသုံးပြု၍ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်က တိုက်တွန်းပြောကြားသည်။ 

မြန်မာ့နိုင်ငံရေးလောကတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍသည် ကမ္ဘာပေါ်ရှိ ၁၉၁ နိုင်ငံတွင် အဆင့် ၁၅၉ သာရှိပြီး ၂၀၁၉-၂၀၂၂ မဟာဗျူဟာစီမံကိန်းတွင် အမျိုးသမီးများ ပါဝင်မှုမြင့်တက်လာစေရန် စီမံချက်ရေးဆွဲထားကြောင်း၊ ယင်းစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသမီးများအရေးဆောင်ရွက်ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ကာ အကောင်အထည်ဖော်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ 

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဆိုရင် အမျိုးသမီးတွေက ပိုလုပ်နိုင်လိမ့်မယ်။ အမျိုးသားရင်ကြားစေ့ရေးမှာဆိုရင် အမျိုးသမီးတစ်ယောက်က စေ့စပ်ညှိနှိုင်းတာကို ပိုပြီးအောင်မြင်မယ်လို့ ယုံကြည်တယ်။ လက်နက်ကိုင်ထားတဲ့သူတွေ အချင်းချင်း အမျိုးသမီးဘယ်လောက်ပါလဲ၊ အမျိုးသမီးတွေပါဝင်ခွင့်ရဖို့ အခင်းအကျင်းကမရှိဘူး၊ စနစ်ကမရှိဘူး။ အခုဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးပါဝင်မှု ဘယ်လောက်ရှိလဲ၊ အမျိုးသမီးတွေပါဝင်ခွင့်ရဖို့ စနစ်ကိုပြုပြင်နိုင်မယ်။ အမျိုးသမီးတွေပါဝင်မှုကို မြှင့်တင်ပေးနိုင်မယ်ဆိုရင် စေ့စပ်ညှိနှိုင်းရေးမှာ ပိုပြီးတော့အောင်မြင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဒေါ်နန်းမြဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ပါ အချက်အလက်များကို လိုက်နာအကောင်အထည်ဖော်ရန် ၁၉၉၇ ခုနှစ်က အတည်ပြုလက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်းကျော် ပိုမိုများပြားနေပြီး နိုင်ငံရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်မှုမြင့်တက်လာစေရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဆိုရင် အမျိုးသားတွေ ဦးဆောင်တာများတယ်။ အမျိုးသမီးတွေအနေနဲ့လည်း လုပ်ပိုင်ခွင့်ပေးရင်တော့ လုပ်နိုင်တာပေါ့။ လုပ်ပိုင်ခွင့်အပေါ်မှာ မူတည်တယ်လေ။ တကယ်လို့ လုပ်ပိုင်ခွင့်ပေးရင် လုပ်နိုင်တဲ့သူတွေ အများကြီးရှိပါတယ်” ဟု ရှားတော့မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသူ ဒေါ်မေလျန်ထူးက သုံးသပ်ပြောကြားသည်။ 

S -08