News

POST TYPE

2020 ELECTION

အမုန်းစကားများကို ချေမှုန်းခြင်းအားဖြင့် အမျိုးသမီးများနိုင်ငံရေးတွင် စိတ်ဝင်စားမှုပိုမိုမြင့်မားလာနိုင်ဟုဆို
14-May-2020
ရန်ကုန်၊ မေ ၁၄ 

အမျိုးသမီးများအပေါ် တိုက်ခိုက်သည့်အမုန်းစကားများကို ချေမှုန်းခြင်းအားဖြင့် ၂၀၂၀ ရွေးကောက်နှင့် ရွေးကောက်ပွဲအပြီးတွင် အမျိုးသမီးများနိုင်ငံရေးတွင် စိတ်ဝင်စားမှုပိုမိုမြင့်မားလာနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်က သုံးသပ်ပြောကြားသည်။ 

“ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ပြင်ပနိုင်ငံရေးမှာလည်း အမျိုးသမီးတွေ စိတ်ဝင်စားမှုပိုမိုမြင့်မားလာမယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးငယ်တွေအတွက် နိုင်ငံတော်မှာ အရေးပါထိုက်တန်တဲ့နေရာကောင်းတွေ ပေါ်ထွက်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်းကျော် ပိုမိုများပြားနေသော်လည်း နိုင်ငံရေးတွင် ပါဝင်မှုနည်းပါးရခြင်းမှာ ယဉ်ကျေးမှုစံနှုန်းများကြောင့်လည်းကောင်း၊ အမျိုးသမီးများအနေနှင့် အမျိုးသားများ၏ခေါင်းဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးခြင်းကြောင့်လည်းကောင်း၊ အမျိုးသမီးများကို အိမ်မှုကိစ္စတာဝန်များ လုပ်ကိုင်ပံ့ပိုးပေးရမည်ဟု ကန့်သတ်ထားသည့်အတွက်ကြောင့်လည်းကောင်း၊ နိုင်ငံရေးပါတီများကလည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အမျိုးသမီးများထက် အမျိုးသားများကို ဦးစားပေးရွေးချယ်ခြင်းကြောင့်လည်းကောင်း၊ အမျိုးသမီးများရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်လာပါက အကြမ်းဖက်ခြင်း၊ အမုန်းစကားများဖြင့် တိုက်ခိုက်ခြင်းကြောင့်လည်းကောင်း အားနည်းရခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်ပေါင်း ၆၀၃၈ ဦး ရှိခဲ့ပြီး အမျိုးသမီးဦးရေ ၈၀ဝ ပါဝင်ခဲ့ရာ ၁၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယင်းရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၁၅၀ ဦးရွေးချယ်ခံခဲ့ရပြီး အမျိုးသမီးများအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၄၄ ဦး ၊ အမျိုးသားလွှတ်တော်တွင် ၂၃ ဦး ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၈၄ ဦး ရွေးချယ်ခံခဲ့ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

“အမျိုးသမီးတွေအပေါ်တိုက်ခိုက်တဲ့ အမုန်းစကားတွေကို ချေမှုန်းလိုက်ခြင်းအားဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှု ပိုမိုမြင့်မားလာမယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုမြင့်မားလာပြီးတော့ လွတ်လပ်လုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်မယ်။ အမျိုးသမီးတွေ တန်းတူလုပ်ပိုင်ခွင့် အခွင့်အရေးတွေ ဖြစ်ထွန်းလာမယ်။ လူထုကလည်း ပိုမိုယုံကြည်လာမယ်။ သတ်မှတ်အရည်အချင်းနဲ့ကိုက်ညီတဲ့ ခေါင်းဆောင်မှုနေရာများကို ရောက်သွားနိုင်တာပေါ့” ဟု ဦးမြင့်နိုင်ကဆိုသည်။

S -08