News

POST TYPE

2020 ELECTION

တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားနေသော အမ်းမြို့နယ်တွင် ရွေးကောက်ပွဲ ဖြစ် မဖြစ် မသိရသေး
13-May-2020
ရန်ကုန်၊ မေ ၁၃

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားနေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရွေးကောက်ပွဲဖြစ် မဖြစ် သေချာမသိရသေးဘဲ ရွေးကောက်ပွဲဖြစ်ခဲ့ပါက ဒေသခံတိုင်းရင်းသားပါတီများကိုသာ မဲပေးသွားမည်ဖြစ်ကြောင်း အမ်းမြို့နယ်ဒေသခံ ဦးရွှေသန်းက The Voice Daily သို့ ပြောကြားသည်။

အမ်းမြို့နယ်ဇာတိ ဦးရွှေသန်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီကို မဲပေးခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့သူဖြစ်ကာ အမ်းတိုင်းရင်းသား လူထုတိုးတက်ရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။

“ဒလက်ချောင်းဘက်မှာ တိုက်ပွဲတွေကဖြစ်နေတယ်။ အဲဒါက အမ်းမြို့နယ်အပိုင်ထဲမှာဖြစ်တာ။ အဲဒါဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲက ဖြစ်၊ မဖြစ်မသိရသေးဘူး။ ဖြစ်ခဲ့ရင်တော့ ကိုယ့်တိုင်းရင်းသားပါတီကိုပဲ မဲပေးမှာပါ။ လူမျိုးခွဲခြားတာ မဟုတ်ပေမယ့် ဒေသခံပါတီတွေက ကိုယ့်တိုင်းရင်းသားလူမျိုးတွေရဲ့ အခက်အခဲကို ပိုသိတယ်။ အဲဒါဆိုတော့ ဒေသခံကိုပါတီကိုပဲ ဦးစားပေးမဲပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

အမ်းမြို့နယ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာမြို့နယ်ဖြစ်ပြီး ဒလက်ချောင်းအုပ်စုဘက်တွင် တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာများအတွင်း ပိတ်မိနေသူ ဒုက္ခသည်များနှင့် အမ်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးရေမှာ ၂၅၀၀ ကျော်ရှိကြောင်း၊ စစ်ဘေးဒုက္ခည်စခန်းအဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖွင့်လှစ်ပေးထားသည့် စခန်းနှစ်ခုရှိကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများထံမှ သိရသည်။

“မြို့နယ်ထွေအုပ်ကနေ ဖွင့်ပေးထားတဲ့ ဒုက္ခသည်စခန်းက တစ်နဲ့နှစ်ဆိုပြီး နှစ်ခုရှိတယ်။ မြို့နယ်အားကစားရုံထဲမှာ ရခိုင်ရော ချင်းရော ရောထည့်ထားတဲ့အခါကျတော့ အဆင်မပြေမှုလေးတွေရှိတယ်။ တချို့က Camp ထဲမှာ နေရာတာအဆင်မပြေတော့ Camp အပြင်ထွက်ပြီးနေတဲ့သူတွေရှိသလို ဆွေမျိုးသားချင်း နီးစပ်ရာမှာခိုလှုံနေတဲ့ သူတွေရှိတယ်။ ဘုရားကျောင်းတွေမှာလည်း နေကြတယ်။ စခန်းအပြင်ဘက်မှာ နေတဲ့သူတွေကို တတ်နိုင်သမျှ ကူညီပေးနေတယ်” ဟု အဖွဲ့အစည်း၊ ပါတီများနှင့်အတူ ပူးပေါင်းပါဝင်ကူညီပေးနေသူ ဆလိုင်းသန်းဝင်းက ရှင်းပြသည်။

S -08