News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာနိုင်ဟုဆို
13-May-2020

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်ပါဝင်နှုန်းသည် ၁၃ ရာခိုင်နှုန်းအထိသာရှိသည်

ရန်ကုန်၊ မေ ၁၂

၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က သုံးသပ်ပြောကြားသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်အနေနဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ အမျိုးသမီးတွေပါဝင်မှု မြင့်မားလာစေဖို့ ဆိုပြီးတော့ ၂၀၁၉ -၂၀၂၂ မဟာဗျူဟာ စီမံကိန်း ချမှတ်ထားတယ်။ မဟာဗျူဟာစီမံကိန်းမှာ ဒီအချက်ထည့်ထားတဲ့အခါ ကျတော့ ဒီအချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက်ကို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတယ်။ ဒီအလုပ် ရုံဆွေးနွေးပွဲမှာ အမျိုးသမီးကဏ္ဍ တာဝန်ယူနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးတာတွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်းကျော် ပိုမိုများပြား နေပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃,၀၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီးဦးရေသည် ၁၂၇ ဦးသာရှိသည့် အတွက် ၁ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၆,၀၃၉ ဦးရှိခဲ့ရာ အမျိုးသမီး ဦးရေသည် ၈၀၀ ရှိသည့်အတွက် ၁၃ ရာခိုင်နှုန်း အထိရှိခဲ့ပြီး အမျိုးသမီးများ၏ နိုင်ငံရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်မှုသည် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက အဆင့် ၁၅၉ သာ ရှိသေးကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံမှ သိရသည်။ 

“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းများအပေါ် လုပ်ကြံသတင်းများ၊ အမုန်းစကားများကို တားဆီးထိန်းချုပ်နိုင်ကြပါစေ။ နိုင်ငံရေးမှာ အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍ ပိုမိုမြင့်မားလာပါစေ။ အမျိုးသမီးတွေသည် အမျိုးသားများနှင့် တန်းတူလိုက်နိုင်တဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ ဒီ အရည်အချင်းတွေကို အသုံးချပြီးတော့ နိုင်ငံရေးမှာ ပိုမိုပါဝင်ပြီး တိုးတက်အောင်ဆောင်ရွက်နိုင်ကြစေလို့ တိုက်တွန်းလိုပါတယ်”ဟု ဦးမြင့်နိုင်က တိုက်တွန်းပြောကြားသည်။ 

မြန်မာနိုင်ငံအနေနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ပါ အချက်အလက်များကို လိုက်နာအကောင်အထည်ဖော်ရန် ၁၉၉၇ ခုနှစ်က အတည်ပြုလက်မှတ်ရေးထိုးထား ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ယခင်နှစ် ရွေးကောက်ပွဲများထက် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနှင့် လူမှု အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

S-08