News

POST TYPE

2020 ELECTION

အမျိုးသမီးကိုယ်စားလှယ်လောင်းကိုသာ မဲပေးမည်ဟု ဒေါ်မေလျန်ထူး ပြော
08-May-2020


ရန်ကုန်၊ မေ ၇

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားကိုယ်စားလှယ်လောင်းနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်းနှစ်ဦး ဖြစ်နေပါက အမျိုးသမီးကိုယ်စားလှယ်လောင်းကိုသာ မဲပေးမည်ဖြစ်ကြောင်း ကယားပြည်နယ်၊ ရှားတောမြို့မှ ဒေါ်မေလျန်ထူးက The Voice Daily သို့ ပြောကြားသည်။

"ဒီ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ သုံးပုံတစ်ပုံနီးပါးလောက်တော့ ပါလာနိုင်တယ်လို့ ယူဆမိတယ်။ အမတ်လေးယောက်ဆို တစ်ယောက်တော့ပါမှာပေါ့။ မျှော်လင့်ကြည့်တယ်လေ။ ရှားတောမှာတော့ ၂၀၁၀/ ၂၀၁၅ မှာ ရွေးကောက်ပွဲတွေမှာ တစ်ယောက်၊ နှစ်ယောက်ပါတာရှိတယ်။ ဒီ ၂၀၂၀ မှာလည်း ပါဖို့တော့ ရှိမယ်ထင်တယ်။ တကယ်လို့ မဲပေးရမယ့်သူက အမျိုးသမီးနဲ့ အမျိုးသားဖြစ်နေရင် အမျိုးသမီးပဲပေးမှာပါ" ဟု ၎င်းကဆိုသည်။ 

ဒေါ်မေလျန်ထူးသည် ကယားပြည်နယ်၊ ရှားတောမြို့ဇာတိဖြစ်ပြီး ၂၀၁၀ ပြည့် နှစ်မှ လက်ရှိအချိန်အထိ ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ကိုယ်တိုင်ဝင်ရောက် မဲပေးရသည့်အတွေ့အကြုံရှိသူတစ်ဦးဖြစ်ကာ လက်ရှိတွင် ရှားတောမြို့နယ် ပြည်သူ့ ဆေးရုံကြီး၊ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုဌာနတွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမတစ်ဦးဖြစ်သည်။

"လာမယ့်ရွေးကောက်ပွဲတော့ လူနဲ့ မူနဲ့ ခွဲခြားသိစေချင်တာပေါ့။ မူကောင်းပေမယ့် လူလည်းကောင်းခဲ့ရင် ပိုကောင်းတာပေါ့။ တချို့က မူက ကောင်းနေပါတယ်။ လူကမကောင်းတော့ မထူးဘူးလေ။ မူနဲ့လူနဲ့ သဟဇာတဖြစ်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်ထင်တယ်။ တချို့က စိတ်ဝင်စားတယ်၊ တအားလုပ်တယ်။ ဒါပေမဲ့ သူတို့မူကို မကြိုက်ဘူး။ တချို့ကဒီမူကိုကြိုက်တယ် လူမကြိုက်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်လေ" ဟု ၎င်းကဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်းကျော် ပါဝင်ရွေးချယ်ခံနိုင်ရန် ပါတီများအနေနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုရွေးချယ်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေတွင် အမျိုးသားများထက် အမျိုးသမီးဦးရေ ပိုများနေသော်လည်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၃,ဝ၆၉ ဦးအနက် အမျိုးသမီး ၁၂၇ ဦးပါဝင်ခဲ့ရာ ၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း၊  ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၆,ဝ၃၈ ဦးရှိပြီး အမျိုးသမီးဦးရေ ၈၀ဝ ပါဝင်ခဲ့ရာ ၁၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။            

S-08