News

POST TYPE

2020 ELECTION

တစ်သီးပုဂ္ဂလ ရွေးချယ်ခံမည့်သူများ ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် ရွေးချယ်ထားရန်လိုအပ်ဟု ရွေး/ကော် ပြော
07-May-2020
ရန်ကုန်၊ မေ ၇ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေနှင့် မိမိယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကို ယခုကတည်းက ကြိုတင်သတ်မှတ်ပြင်ဆင်ထားသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ 

“ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာလား၊ အမျိုးသားလွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာလား၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာလား၊ အခုကတည်းက စဉ်းစားဆုံးဖြတ်ရမှာပေါ့။ ဘယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် သူ့အတွက်အနိုင်ရခြင်းရှိမယ်ဆိုတာ စဉ်းစားဆုံးဖြတ်ထားရတော့မှာပေါ့” ဟု ၎င်းကဆိုသည်။

တစ်သီးပုဂ္ဂလဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအနေနှင့် မိမိအသုံးပြုမည့် အမှတ်တံဆိပ် (Logo) များကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် တစ်ပါတည်းတင်သွင်းရမည်ဖြစ်ပြီး အာမခံကြေးငွေကျပ် သုံးသိန်းကိုလည်း ပေးသွင်းရမည်ဖြစ်ကြောင်း၊ တစ်သီးပုဂ္ဂလရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအတွက် သီးခြားပြဋ္ဌာန်းထားသည့် ဥပဒေမရှိဘဲ လွှတ်တော်ဥပဒေ၊ နည်းဥပဒေထဲတွင် ပါသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

“တစ်ဆက်တည်း သူ့လုပ်ငန်းတွေကိုဆောင်ရွက်မယ့် ရွေးကောက်ပွဲကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်တွေကို အခုကတည်းက လျာထားသင့်တာပေါ့။ ပြီးတော့ သူတို့ကိုအသိပညာပေးဖို့လိုတယ်။ လမ်းညွှန်ပေးဖို့လိုတယ်။ ဒါတွေကို ကြိုတင်ဆောင်ရွက်ထားမှ ရွေးကောက်ပွဲနီးတဲ့အခါမှာ မဲဆန္ဒရှင်တွေကို ကောင်းကောင်းစည်းရုံးရေး လုပ်နိုင်မှပေါ့” ဟု ဦးမြင့်နိုင်က ဆိုသည်။

တစ်သီးပုဂ္ဂလအနေနှင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးအနိုင်ရရှိခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်တွင် ၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးအနိုင်ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၃၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာ ၄ ဦးအနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၄၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁ ဦး အနိုင်ရရှိခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်တွင် ၄၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂ ဦးအနိုင်ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီး။ ပြည်နယ်လွှတ်တော်တွင် ၁၇၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂ ဦးအနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။

S-08