News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲတွင် ဒေသခံကိုယ်စားလှယ်ကို ဦးစားပေးရွေးချယ်မည်
06-May-2020
ရန်ကုန်၊ မေ ၆ 

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဒေသခံကိုယ်စားလှယ်များကို ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်း ကယားပြည်နယ်၊ ရှားတောမြို့နယ်ဒေသခံ ဦးလေးလော်က The Voice Daily သို့ ပြောကြားသည်။ 

“အရင် ၂၀၁၅ ခုနှစ်တုန်းက ပါတီကို ကြည့်တာပေါ့။ အဲဒီတုန်းက NLD ကို လေးခုလုံးပေးခဲ့တာ။ သူတို့တွေက ဒေသခံစစ်စစ်တွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဒေသမှာတော့ တာဝန်ကျခဲ့ဖူး၊ နေခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းတွေပေါ့။ အခု ၂၀၂၀ ကျရင်တော့ ဒေသခံကို နံပါတ်တစ်ဦးစားပေးမယ်။ နံပါတ်နှစ်ကတော့ NLD ထဲကပဲဖြစ်ဖြစ်၊ ကြံခိုင်ရေးထဲကပဲဖြစ်ဖြစ်၊ ဘယ်ပါတီကပဲဖြစ်ဖြစ် သင့်တော်တဲ့သူကို မဲပေးသွားမယ်လို့ ရည်ရွယ်ထားတယ်” ဟု ၎င်းကဆိုသည်။

ဦးလေးလော်သည် ရှားတောမြို့နယ်ဇာတိဖြစ်ပြီး ရှားတောမြို့နယ်၊ ကျန်းမာရေးဌာနတွင် ငှက်ဖျားကျွမ်းကျင် အဆင့် ၃ ဖြင့် ၃၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လတွင် အငြိမ်းစားယူခဲ့ကာ ရှားတောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးအဖြစ် ဝင်ရောက်ကူညီ ဆောင်ရွက်ပေးနေပြီး မည်သည့်ပါတီကိုမျှ ဝင်ရောက်ခြင်းမရှိဘဲ နိုင်ငံရေးပါတီများက လိုအပ်သဖြင့် အကူအညီတောင်းခံပါက တတ်နိုင်သမျှ ကူညီပေးတတ်သူတစ်ဦးဖြစ်ကြောင်း သိရသည်။ 

ရှားတောမြို့နယ်ကို ၁၉၇၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် မြို့အဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့တွင် မြို့ပေါ် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄ စု၊ ကျေးရွာ ၂၀ တို့ဖြင့် မြို့နယ်အဖြစ် ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ မောင်မယ် ဟောင်ဆောင်ခရိုင်၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ အနောက်ဘက်တွင် ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့် ထိစပ်လျက်ရှိသော မြို့နယ်ဖြစ်ပြီး မဲပေးနိုင်သူဦးရေ ၆,ဝ၀၀ ခန့်ရှိကြောင်း သိရသည်။

ရှားတောမြို့နယ်တွင် ကယားလူမျိုးအများဆုံးနေထိုင်ပြီး မြို့ပေါ် ၄ ရပ်ကွက်တွင် ရှမ်းလူမျိုးအများဆုံး နေထိုင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့အပြင် ပါတီ ၅ ခုခန့်ရုံးစိုက်ထားသည်။ 

S -08