News

POST TYPE

2020 ELECTION

လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို ဖိတ်ခေါ်မည်
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်များနှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း အင်းအမျိုးသားများအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက The Voice Daily သို့ ပြောကြားသည်။

"အမျိုးသမီးရော၊ လူငယ်ရော ဖိတ်ခေါ်မယ်။ လောလောဆယ်တော့ ဘာမှမလုပ်ရသေးဘူး။ ညီလာခံလုပ်ပြီးမှပဲ ဖိတ်ခေါ်သွားရမှာ"ဟု ၎င်းကဆိုသည်။

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ထားခွင့် တင်ပြလျှောက်ထားခဲ့ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမှတ်စဉ် ၁၂၄ ဖြင့် ခွင့်ပြုချက်ရရှိထားကြောင်း၊ ပါတီနယ်မြေကို ရှမ်းပြည်နယ်အတွင်းဟုသတ်မှတ်ထားပြီး ပါတီရုံးချုပ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေ မြို့တွင်ဖွင့်လှစ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အင်းအမျိုးသားများအဖွဲ့ချုပ်ပါတီသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း မဲဆန္ဒနယ်များဖြစ်သည့် ပြည်နယ်လွှတ်တော် နှစ်နေရာ၊ ပြည်သူ့လွှတ်တော်တစ်နေရာ၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး ယင်းမြို့နယ်အတွင်းတွင် အင်းသားများ နေထိုင်သည့် ရွာများမှာ ရေပေါ်ရွာ နှင့် ကုန်းပေါ်ရွာ နှစ်ပိုင်းရှိကာ စုစုပေါင်း ၄၄၅ ရွာရှိကြောင်း၊ အင်းသားများအပြင် ပအိုဝ်း၊ ရှမ်း၊ ဓနုလူမျိုးများလည်း နေထိုင်ကြောင်း ယင်းပါတီထံမှ သိရသည်။

S-08