News

POST TYPE

2020 ELECTION

အမျိုးသမီးများသည် အမျိုးသားများထက် မဲဆွယ်စရိတ်ပိုကုန်ဟုဆို
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

အမျိုးသမီးများသည် အမျိုးသားများထက် မဲဆွယ်ကုန်ကျစရိတ် ပိုမိုများပြားကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ ဒေါ်နန်းမြဦးက The Voice Daily သို့ ပြောကြားသည်။

"အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် မဲဆွယ်ကုန်ကျစရိတ်ပိုတယ်။ အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် အဖော်တစ်ဦးပါရမယ်။ ကိုယ်နဲ့လိုက်လာတဲ့အဖော်အတွက် ကုန်ကျစရိတ်တွေက အမျိုးသားတွေထက်စာရင် ပိုကုန်သွားရတာပေါ့။ ပြီးတော့ တစ်နယ်မြေနဲ့ တစ်နယ်မြေသွားရတာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတယ်။ ဆိုင်ကယ်ပဲစီးရ၊ စီးရ၊ ကားပဲမောင်းရ၊ မောင်းရ အဲဒီလိုနေရာမှာ အခက်အခဲတော့ရှိတယ်"ဟု ၎င်းကဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ ဒေါ်နန်းမြဦး သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အမျိုးသမီးအခွင့်အရေးများနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တွင် တိုင်းရင်းသားရေးရာတာဝန်ခံ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် အမျိုးသမီးကဏ္ဍ တာဝန်ခံအဖြစ်လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတွင် တွဲဖက်အတွင်းရေးမှူး အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

"အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်လာဖို့ဆိုရင် မှတ်ပုံတင်ကြေး လျှော့ပေးတာတို့၊ ထောက်ပံ့ပေးတာတို့ လိုအပ်တယ်။ သူအောင်နိုင်မယ့်နေရာကိုရွေးပြီး နေရာချထားပေးတာတို့ လိုအပ်တယ်။ ဒီလိုတွေ တခြားနိုင်ငံတွေမှာတော့ရှိတယ်။ ဒီနိုင်ငံမှာတော့ ဒီနေ့အထိ မတွေ့ရသေးဘူး" ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအမျိုးသမီးကော်မတီတာဝန်ခံ ဒေါ်တင်တင်ထွေး က သုံးသပ်ပြောကြားသည်။

S-08