News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲတွင် NLD သာ အဓိကပြိုင်ဘက်ဟု ကယန်းအမျိုးသားပါတီပြော
31-Mar-2020
ရန်ကုန်၊ မတ် ၃၀

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လက်ရှိအစိုးရ NLD ပါတီက အဓိကပြိုင်ဘက်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးခွန်ဘီထူးက The Voice သို့ပြောကြားသည်။

ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးခွန်ဘီထူးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၊ မယ့်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော် အမတ်နေရာ ဝင်ရောက်ရွေးချယ်ခံရန်လျာထားခံရပြီး ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မယ့်စဲ့ မြို့နယ်သည် မြို့တစ်မြို့၊ ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စု ၄ ခု၊ ကျေးရွာ ၁၂ ရွာတို့ ရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်ထောင်ကျော်ခန့်ရှိပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိအစိုးရ NLD က အနိုင်ရရှိထားသည့်မြို့နယ်ဖြစ်သည်။

" NLD က အဓိကပြိုင်ဘက်အနေအထားပေါ့။ တခြားပြိုင်ဘက်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့လည်းပြိုင်ရမယ်။အဲဒီမှာ ပြိုင်မယ့်ပါတီတွေက လောလောဆယ်တော့ ၁၅ ပါတီလောက်ရှိတယ်။ ကျွန်တော်တို့ပါတီအနေနဲ့က ၂၀၁၅ တုန်းက ကိုယ်စားလှယ်လောင်းတစ်ဦးဆိုရင် ၄၅ မဲ လောက်ပဲကွာတာဆိုတော့ နည်းနည်းအားကောင်းတဲ့ အနေအထားပေါ့" ဟု ဦးခွန်ဘီထူးကဆိုသည်။

ကယန်းအမျိုးသားပါတီသည် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် မဟာမိတ်ဖွဲ့ထားပြီး ကယားပြည်နယ်တွင်  ပြည်သူ့လွှတ်တော်တစ်နေရာ၊ အမျိုးသားလွှတ်တော်တစ်နေရာ၊ ပြည်နယ်လွှတ်တော်နှစ်နေရာ၊ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး စုစုပေါင်း ၅ နေရာ၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်  ပြည်နယ်လွှတ်တော် နှစ်နေရာ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

S-08