News

POST TYPE

2020 ELECTION

ကယန်းအမျိုးသားပါတီက မဲဆန္ဒနယ် ၁၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
30-Mar-2020
ရန်ကုန်၊ မတ် ၂၉

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယန်းအမျိုးသားပါတီအနေနှင့် မဲဆန္ဒနယ် ၁၁ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီအထွေထွေ အတွင်းရေးမှူး (၁) ဦးခွန်းကလေးမင်းက The Voice သို့ ပြောကြားသည်။ 

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးစုစုပေါင်း ၅ နေရာ၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ပြည်နယ်လွှတ်တော် နှစ်နေရာ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာနှင့် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် နှစ်နေရာတို့ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ကယားပြည်နယ်မှာက ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာရရှိ ရေး၊ မရရှိရေးက မသေချာသေးဘူး။ အဲဒီမှာ တိုင်းရင်းသားရေးရာဝန်ကြီးရရင်  ဝင်ပြိုင်သွားဖို့ရှိတယ်။ ကယားပြည်နယ်မှာက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရှိတော့ ကျန်တဲ့ ၃၀ ကို သူ့ကို ခွဲတမ်းအနေနဲ့ ပေးပြီးတော့ လေးနေရာပဲဝင်ပြိုင် ပါ့မယ်" ဟု ဦးခွန်းကလေးမင်းက ဆိုသည်။

ကယန်းအမျိုးသားပါတီသည် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့က အမှတ်စဉ် ၇ ဖြင့် တရားဝင်ပါတီ တည်ထောင်ခွင့်ရရှိထားသည့် ပါတီတစ်ခုဖြစ်ကြောင်း၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မဲဆန္ဒ နယ် ၁၃ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာနှင့် ပြည်နယ်လွှတ်တော်တစ်နေရာ အနိုင်ရရှိခဲ့ကာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ၁၃ နေရာထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိသည့်နေရာမရှိခဲ့ပေ။

"ကျွန်တော်တို့ပါတီက တိုင်းရင်းသားပါတီ၊ လူမျိုးတစ်မျိုးကိုအခြေခံထားတဲ့အတွက်ကြောင့် လူမျိုးတစ်မျိုးကို စောင်းပေးတာရှိတယ်။ ကယန်းအမျိုးသား တွေတခြားတိုင်းရင်းတွေလိုပဲ တန်းတူအခွင့်အရေးရရန် ပထမဆုံးခြေလှမ်းပေါ့။ ဒုတိယကတော့ ကယန်းတစ်မျိုးသားလုံးရဲ့ ဆန္ဒဖြစ်တဲ့ ကယန်းဒေသများကို စုစည်းပြီးမှ ကရင်နီပြည်နယ်လို့ခေါ်တဲ့ ကယားပြည် ပြန်ပေါင်းစည်းရေးပေါ့" ဟု ဦးခွန်းကလေးမင်းက ပါတီမူဝါဒနှင့်ပတ်သက်၍ ရှင်းပြသည်။         

S-08