News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးကြရန် ရွေး/ကော်တိုက်တွန်း
26-Mar-2020
ရန်ကုန်၊ မတ် ၂၅

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လာရောက်ဆန္ဒမဲပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနှင့် ကော်မရှင်၏ Facebook လူမှုကွန်ရက်စာမျက်နှာကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က လွှင့်တင်ခဲ့ပြီး အဆိုပါလူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်တိုက်တွန်းထားခြင်းဖြစ်သည်။

နိုင်ငံသူနိုင်ငံသားများအနေနှင့် မိမိတို့ အလိုရှိသည့်စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွေးကောက်ပွဲကို မဖြစ်မနေဖြတ်သန်းရမည်ဖြစ်ပြီး ရွေးကောက်ပွဲကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် တိုင်းရင်းသားပြည်သူအားလုံးက ဆန္ဒမဲ ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

"ဒီလိုရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးက ဆန္ဒမဲပေးကြမှသာလျှင် မိမိတို့မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဆီကို အရောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်" ဟု ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ ၅ ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ကော်မရှင်ကဆိုသည်။

ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့်  ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ (Civic Education) နှင့် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများ (Voter Education) တို့ကို ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်း ကာလတို့တွင် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ လျင်မြန်စွာရောက်ရှိရေး ထိထိရောက်ရောက် ဆောင်ရွက်ရန်၊ သတင်းအမှားများကို တုံ့ပြန်လွှမ်းမိုးနိုင်ရန်နှင့် သတင်းအမှန်များ ထုတ်ပြန်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) ကို မတ်လ ၁၈ ရက်နေ့က လွှင့်တင်ထားခြင်းဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S-04