News

POST TYPE

2020 ELECTION

အင်းအမျိုးသားအဖွဲ့ချုပ် ၂၀၂၀ ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ်ကို အဓိကထား ယှဉ်ပြိုင်မည်
23-Mar-2020


ရန်ကုန်၊ မတ် ၂၂

၂၀၂၀ ရွေးကောက်ပွဲတွင် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေနှင့် အင်းသူ၊ အင်းသားများနေထိုင်ရာ ညောင်ရွှေမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်လေးနေရာကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက The Voice Daily သို့ ပြောကြားသည်။

"ပြည်နယ်လွှတ်တော် နှစ်နေရာ၊ ပြည်သူ့လွှတ်တော်တစ်နေရာ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာပေါ့။ အမျိုးသားလွှတ်တော်ကတော့ မပြိုင်ဘူး။ တောင်ကြီးမှာတော့ အင်းတိုင်းရင်းသား အများစုရှိတဲ့ ပြည်နယ်တစ်နေရာတော့ ဝင်ပြိုင်ဖို့ စဉ်းစားထားတာရှိတယ်" ဟု ၎င်းကဆိုသည်။

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ထားခွင့် တင်ပြလျှောက်ထားခဲ့ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမှတ်စဉ် ၁၂၄ ဖြင့် ခွင့်ပြုချက်ရရှိထားကြောင်း၊ ပါတီနယ်မြေကို ရှမ်းပြည်နယ်အတွင်းဟု သတ်မှတ်ထားပြီး ပါတီရုံးချုပ်ကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့ တွင်ဖွင့်လှစ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ပါတီ၏ရည်ရွယ်ချက်များမှာ ပါတီစုံ ဒီမိုကရေစီစနစ်နှင့်အညီ အင်းတိုင်းရင်းသားများအနေနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ဆောင်ရွက်ခွင့်ရရှိရန်၊ အင်းတိုင်းရင်းသားများနှင့် ညီနောင်တိုင်းရင်းသားများအားလုံး၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များထိန်းသိမ်းရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ပြည်ထောင်စု အကျိုးအတွက် အခြားတိုင်းရင်းသားများ အားလုံးနှင့်အတူ ပူးပေါင်းပါဝင် လှုပ်ရှားဆောင်ရွက်ရန် ချမှတ်ထားကြောင်း ယင်းပါတီထံမှ သိရသည်။   
          
S-08