News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရဖြစ်ရန် မျှော်လင့်ဟုဆို
21-Mar-2020


ရန်ကုန်၊ မတ် ၂၁

၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်လာရန်မျှော်လင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ ပါတီဗဟိုအကြံပေး ဦးစိုင်းအိုက်အေးက The Voice Daily သို့ ပြောကြားသည်။

“လာမယ့်ရွေးကောက်ပွဲအပြီးမှာ ညွန့်ပေါင်းအစိုးရဖြစ်မယ်လို့တော့ မျှော်လင့်တယ်။ မျှော်လင့်တယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီး တိုင်းရင်းသားတွေအားလုံးက ပုံအပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဘာမှပြောလို့မရဘူး။ သူတို့ကလည်း အသိအမှတ်မပြုဘူးဆိုတော့ မထူးဘူးလေ” ဟု ၎င်းကဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပါတီဗဟိုအကြံပေး ဦးစိုင်းအိုက်အေးသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် လင်းခေးမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအစိုးရလက်ထက် ရှမ်းပြည်နယ်လွှတ်တော်တွင် ရှမ်းပြည်ဖွံဖြိုးရေးအတွက် တင်ပြဆွေးနွေးခဲ့သူတစ်ယောက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် မည်သည့်အစိုးရမျိုးကိုလိုချင်ပါသလဲ ဟုမေးမြန်းရာ ဦးစိုင်းအိုက်အေးက “ပြည်သူလူထုရဲ့အသံကို တကယ်နားထောင်တဲ့အစိုးရပဲ လိုချင်တယ်” ဟု ဆိုသည်။

ရှမ်းပြည်နယ်တွင် ၅၅ မြို့နယ်ရှိပြီး 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ပါဝင်သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်းရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။

S -08