News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ပိုများနိုင်ဟုဆို
21-Mar-2020


ရန်ကုန်၊ မတ် ၂၁

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပိုမိုများပြားစွာ ပါဝင်လာနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဒေါ်နန်းမြဦးက The Voice Daily သို့ ပြောကြားသည်။

“ရှမ်းပြည်နယ်အနေနဲ့ သုံးသပ်ရရင် ပိုများနိုင်တယ်။ ထင်သာတဲ့ ဥပမာပြရရင် အရင်နှစ်က မြို့နယ်ပါတီ အလုပ်အမှုဆောင် ရွေးချယ်ပွဲမှာ ဥက္ကဋ္ဌဝင်ရွေးချယ်ခဲ့တယ်။ အဲဒီနှစ်က မဲပေးသူဦးရေက အမျိုးသမီးကပိုများတယ်။ ဒါပေမဲ့ မနိုင်ခဲ့ဘူး။ ဒီနှစ်မှာတော့ အမျိုးသမီး၊ အမျိုးသား သိပ်မကွာဘူး။ ဒါပေမဲ့ အစ်မနိုင်ခဲ့တယ်ဆိုတော့ ပြောင်းလဲလာတဲ့သဘောပေါ့။ အမျိုးသမီးတွေအပေါ် အမျိုးသားတွေက လက်ခံပြောင်းလဲလာတဲ့သဘောပေါ့” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေတွင် အမျိုးသားများထက် အမျိုးသမီးဦးကရေ ပိုများနေသော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၆၀၃၈ ဦး ရှိပြီး အမျိုးသမီးဦးရေ ၈၀ဝ ပါဝင်ခဲ့ရာ ၁၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယင်းရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၁၅၀ ဦးရွေးချယ်ခံခဲ့ရပြီး အမျိုးသမီးများအနေနှင့် ပြည်သူ့လွှတ်တော်တွင် ၄၄ ဦး၊ အမျိုးသားလွှတ်တော်တွင် ၂၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၈၄ ဦးရွေးချယ်ခံခဲ့ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဒေါ်နန်းမြဦးသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အမျိုးသမီးအခွင့်အရေးများနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တွင် တိုင်းရင်းသားရေးရာ တာဝန်ခံ၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အမျိုးသမီးကဏ္ဍတာဝန်ခံအဖြစ် လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတွင် တွဲဖက်အတွင်းရေးမှူး အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။

“အမျိုးသမီးတစ်ယောက်အနေနဲ့ လုံခြုံရေးအခက်အခဲရှိတယ်။ မဲဆွယ်ကုန်ကျစရိတ်ပိုတယ်။ အမျိုးသမီးတစ်ဦး ဖြစ်တဲ့အတွက် အဖော်တစ်ဦးပါရမယ်။ ကိုယ်နဲ့လိုက်လာတဲ့ အဖော်စရိတ်တွေက အမျိုးသားတွေထက်စာရင် ပိုကုန်သွားရတာပေါ့” ဟု ရွေးကောက်ပွဲမဲဆွယ်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲနှင့် ပတ်သက်၍ ဒေါ်နန်းမြဦးက ရှင်းပြသည်။ 

S -08