News

POST TYPE

2020 ELECTION

ချင်းနှစ်ပါတီပူးပေါင်းရန် ဆွေးနွေးမည်
17-Mar-2020
ရန်ကုန်၊ မတ် ၁၆

ချင်းတိုင်းရင်းသားများပါတီနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပူးပေါင်းနိုင်ရန် မတ်လ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရသည်။

"သူတို့က ဘယ်လိုပုံစံနဲ့ပူးပေါင်းမလဲဆိုတာ မသိရသေးဘူး။ အခုဟာ သူတို့ကိုယ်တိုင်က ကမ်းလှမ်းလာတာဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးသွားဖို့ပါ။ တခြားပါတီတွေနဲ့လည်း ပူးပေါင်းနိုင်ဖို့ ဆွေးနွေးရဦးမယ်" ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောကြားသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းထားသည့် ပါတီတစ်ခုဖြစ်ကာ ယခုအခါ ချင်းတိုင်းရင်းသားများပါတီနှင့် ပူးပေါင်းနိုင်ရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

"တွေ့ဆုံဖို့နေရာကတော့ သူတို့စီစဉ်မှာပါ။ သူတို့စီစဉ်တဲ့နေရာမှာ သွားတွေ့မှာပါ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လောလောဆယ်တော့ ဘာမှပြင်ဆင်တာ မရှိသေးဘူး။ ပါတီပူးပေါင်းပြီးရင်တော့ ချင်းပြည်နယ်တစ်ခုလုံးရယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာ ဝင်ပြိုင်သွားဖို့တော့ ရှိပါတယ်" ဟု ချင်းတိုင်းရင်းသားများပါတီ ဥက္ကဋ္ဌဆလိုင်းအေးထွန်းမင်းက ပြောဆိုသည်။

ချင်းတိုင်းရင်းသားများပါတီသည် မကွေးတိုင်းဒေသကြီး အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက် နေ့က ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ရာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ပါတီအမှတ်စဉ် ၁၁၈ ဖြင့် တည်ထောင်ခွင့်ပြုထားသည့် ပါတီတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှသိရသည်။    

S-08