News

POST TYPE

2020 ELECTION

ရွှေ့ပြောင်းအလုပ်သမားများထံမှ မဲလိုချင်လျှင် တည်ဆဲဥပဒေအရ ကာကွယ်ပေးရမည်ဟု အလုပ်သမားအဖွဲ့များဆို
16-Mar-2020


ရန်ကုန်၊ မတ် ၁၅ 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများထံမှ မဲလိုချင်ပါက အလုပ်သမားများကို တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးရန်လိုကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောကြားသည်။

လက်ရှိ အာဏာရပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် အလုပ်သမားများဘက်မှ ရပ်တည်ပေးမှုအားနည်းလွန်းသည့်အပြင် အလုပ်သမားအခွင့်အရေးနှင့်အလုပ်သမားများ၏ အကျိုးစီးပွားကို စိတ်မဝင်စားသည့် အခြေအနေဖြစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှအကြံပေး တရားလွှတ်တော်ရှေ့နေဦးဌေးက ပြောကြားသည်။

“အလုပ်သမားအခွင့်အရေးနဲ့ သူတို့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မပေးတဲ့ပါတီတွေကို မဲမပေးတော့ဘူး။ လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးပါတီတွေဟာ အလုပ်သမားတွေရဲ့အခွင့်အရေး အကျိုးစီးပွားတွေကိုစိတ်မဝင်စားဘူး။ နိုင်ငံရေးပဲ စိတ်ဝင်စားကြတယ်။ မဲလိုချင်ရင် တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးပါ။ ဒီနေ့အထိတော့ လွှတ်တော်ထဲမှာ အလုပ်သမားတွေအတွက် ပြောပေးမယ့်သူ၊ ဆွေးနွေးပေးမယ့်သူမရှိဘူး။ လယ်သမားအလုပ်သမားတွေ ကိုယ်တိုင်ပြောမှ ရမယ့်အခြေအနေဖြစ်လာတယ်။ စပီကာတွေလိုလာတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းကြောင့် အလုပ်သမားများအနက်မှ ကိုယ်စားလှယ်အချို့သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်ရန် လုပ်ဆောင်လျက်ရှိရာ ကိုယ်စားလှယ်လောင်း ခြောက်ဦးဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသော်လည်း အလုပ်သမားကိုယ်စားလှယ်လောင်းစာရင်းကိုမူ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးအစည်းအဝေးပြုလုပ်ပြီးချိန်မှသာ သိရမည်ဖြစ်သည်။

“အလုပ်သမားအရေးကိစ္စနဲ့ ပတ်သက်လို့ပြောပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ထိမတွေ့ရဘူး။ ပြောပေးမယ့် ကိုယ်စားလှယ်တွေ လိုအပ်နေတယ်။ အလုပ်သမားအခက်အခဲတွေတင်ပြတဲ့ အလုပ်သမားဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ ကြည့်လိုက်ရင်လည်း လွှတ်တော်မှာ ဝင်ရောက်ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မတွေ့ရဘူး။ ဒါကြောင့် ဝင်ရောက်ဆွေးနွေးပေးမယ့် အလုပ်သမားအရေးကို လုပ်ပေးချင်တဲ့သူတွေ ရှိစေချင်တဲ့ဆိုတဲ့ စဉ်းစားချက်နဲ့ ဆွေးနွေးနေတာ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ခိုင်ဇာအောင်က ပြောကြားသည်။ 

သိင်္ဂီ (VOM)