News

POST TYPE

2020 ELECTION

ပြည်သူလူထု၏ တောင်းဆိုချက်အရ 'ဝ' သုံးပါတီ ပူးပေါင်းရခြင်းဟုဆို
15-Mar-2020
ရန်ကုန် ၊မတ် ၉ 

ပြီးခဲ့သည့်ရွေးကောက်ပွဲကာလ အတွေ့အကြုံနှင့် ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြုချက်အရ 'ဝ'သုံးပါတီကို ပူးပေါင်းရခြင်းဖြစ်ကြောင်း 'ဝ' လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးဆိုင်းပေါင်းနပ်က The Voice Daily သို့ပြောကြားသည်။

" 'ဝ' ပါတီတွေက သုံး ၊လေးခု ဖြစ်နေတော့ ပြည်သူတွေအနေနဲ့က ဘယ်ပါတီကိုမဲထည့်ရမှန်းမသိဘူး ။ပြည်သူမှာ အခက်အခဲဖြစ်တာပေါ့။ပြည်သူတွေက ပူးပေါင်းကြဖို့အကြံပေးတယ် ။ပြည်သူတွေအကြံပေးတာရယ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွေ့အကြုံတွေရယ်ကြောင့် ပူးပေါင်းခဲ့တာပါ" ဟု၎င်းကဆိုသည်။

'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခြေစိုက်ပါတီများဖြစ်သည့် 'ဝ'လစ်ဘရယ် ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ 'ဝ'အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ၊ 'ဝ' ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းထားသည့် 'ဝ' အမျိုးသားပါတီကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ပြီး အမည် ၊အလံ ၊တံဆိပ် များနှင့် ပတ်သက်၍ကန့်ကွက်လိုက ၇ ရက်အတွင်း ကန့်ကွက်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ 'ဝ' ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသတွင် ဟိုပန် ၊ မိုင်းမော ၊ပန်ဝိုင် ၊နားဖန်း ၊မက်မန်း နှင့် ပန်ဆန်းပြည်နယ် ၆ ခုရှိပြီး ဟိုပင် ၊မက်မန်း မြို့နယ် ၂ ခုသာ အစိုးရထိန်းချုပ်မှုအောက်တွင်ရှိကာ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပေ။

၂၀၂၀ ရွေးပေးကာက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းနှင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဥက္ကဌ နှင့် ဗဟိုကော်မတီတို့ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပန်ဆန်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။

"လောလောဆယ် ညီလာခံမလုပ်ရသေးတဲ့အတွက် ဘာမှဆုံးဖြတ်ချက်တော့မရှိသေးပါဘူး ။ရှမ်းပြည်နယ်မှာပဲဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ရည်ရွယ်ချက်တော့ရှိတယ်။ 'ဝ' ပြည်နယ်မှာတော့ နိုင်ငံတော်ကခေါင်းဆောင်တွေနဲ့ UWSA ကခေါင်းဆောင်တွေရဲ့ သဘာတူညီချက်နဲ့ ရွေးကောက်ပွဲ ရှိလာတယ်ဆိုရင် ဝင်ပြိုင်မှာပါ" ဟု ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။

S-08