News

POST TYPE

2020 ELECTION

ကချင်ပြည်နယ် အထူးဒေသ-၁ အဖြစ် သတ်မှတ်ခံရသည့်နယ်မြေကို အဓိကထားယှဉ်ပြိုင်မည်
15-Mar-2020
ရန်ကုန် ၊ မတ် ၁၁

ဒီမိုကရေစီပါတီသစ် (ကချင်) အနေနှင့် ကချင်ပြည်နယ်အထူးဒေသ-၁ အဖြစ်သတ်မှတ်ခံထားရသည့် ဝိုင်းမော် ၊ချီဖွေ ၊ ဆော့လော်မြို့နယ် ၃ ခုတွင် အဓိကထား ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဌ ဦးတိန်ဆောင်က The Voice Daily သို့ပြောကြားသည်။

"ကချင်အထူးဒေသ-၁ မှာ အခြေစိုက်ထားတဲ့ပါတီဖြစ်တော့ အဲဒီဒေသပဲအဓိကထားယှဉ်ပြိုင်မှာပါ။ပါတီကသေးတော့ ကော်မရှင်က သတ်မှတ်ထားတဲ့မြို့နယ် ၃ ခု ပြည့်မှီရုံလောက်ပဲ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ပြည်နယ်လွှတ်တော်မှာပဲ သုံးနေရာလုံးပြိုင်မလား ၊အမျိုးသားလွှတ်တော် ၊ပြည်သူ့လွှတ်တော်မှာ တစ်နေရာ ၊နှစ်နေရာ စီပြိုင်မလား ၊ ဘယ်လောက်အရေအတွက်ထိပြိုင်ရမလဲဆိုတာ လျာထားတာမရှိသေးဘူး" ဟု ၎င်းကဆိုသည်။

ဒီမိုကရေစီပါတီသစ် (ကချင်)သည် ကချင်ပြည်နယ် ၊မြစ်ကြီးနားခရိုင် ၊ချီဖွေမြို့နယ် ၊ပန်ဝါမြို့တွင် အခြေစိုက်ထားပြီး ပါတီနယ်မြေအနေနှင့် ကချင်ပြည်နယ်အတွင်း သတ်မှတ်ထားသည့် ပါတီတစ်ခု ဖြစ်ကာ ၂၀၁၉ ခုနှစ် ၊သြဂုတ်လ ၂၉ ရက်နေ့က ပါတီ အမှတ်စဉ် ၁၁၉ ဖြင့် တည်ထောင်ခွင့်ပြုထားသည့် ပါတီတစ်ခုဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

"ပါတီတည်ထောင်ခွင့်ကျတဲ့နေ့ကစပြီး အမှုဆောင်ရွေးချယ်တာ ၊ဖွဲ့စည်းတာ ၊မြို့နယ် သုံးခုမှာ ရုံးခန်းဖွင့်တာ ၊ပါတီမိတ်ဆက်တာ တွေလိုက်လုပ်နေတယ် ။အဲဒါတွေကတော့ ၅ လပိုင်းလောက်အထိ လုပ်ရမယ်ထင်တယ်။တချို့တွေက ရွာတွေအထိဆင်းပြီး ရုံးခန်းဖွင့်တာ ၊ပါတီဆိုင်းဘုတ်ထောင်တာနဲ့ ပါတီမိတ်ဆက်တာတွေ လုပ်နေတယ်"ဟု ဦးတိန်ဆောင်က ဆက်လက်ရှင်းပြသည်။

ယှဉ်ပြိုင်မည့် မြို့နယ် သုံးခုသည် ၁၉၉၀ ပြည့်နှစ် ကာလတွင် အစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့သည့် ကချင်အထူးဒေသ-၁ အဖြစ်သတ်မှတ်ခံထားရသည့်နယ်မြေတစ်ခုဖြစ်ပြီး အခြားပါတီများနှင့် မဟာမိတ်ပြုထားခြင်းမရှိသော်လည်း ဒေသအတွက် အကျိုးပြုမည့် ဒေသခံပုဂ္ဂိုလ်ဖြစ်ပါက ကန့်ကွက်ခြင်း ၊ဆန့်ကျင်ခြင်းတို့ ပြုလုပ်မည်မဟုတ်ကြောင်း ဒီမိုကရေစီပါတီသစ် (ကချင်)ထံမှ သိရသည်။

S-08