News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်ရေး ကြိုးပမ်းမည်ဟုဆို
15-Mar-2020
ရန်ကုန် ၊ မတ် ၁၂

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့အလုပ်သမားပါတီ ဥက္ကဌ ဦးကျော်ဇင်က The Voice Daily သို့ ပြောကြားသည်။

"ကျွန်တော်တို့က ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ ဆိုပြီး စိတ်ဓာတ်တူတဲ့ နိုင်ငံရေးပါတီ ၁၁ ခု ပေါင်းလိုက်တယ် ။ အဲဒီအဖွဲ့ကနေ တစ်ဖွဲ့ချင်းတွေ့မယ်။ တခြားနိုင်ငံရေးမဟာမိတ်အဖွဲ့တွေနဲ့လည်း တွေ့သွားဖို့ရှိတယ် ။ တိုင်းရင်းသားပါတီတွေနဲ့ကတော့ မိတ်ဖွဲ့ပြီး သူတို့ဝင်ပြိုင်မယ့်နေရာတွေကို ဝင်မပြိုင်ဘူး" ဟု ၎င်းကဆိုသည်။ 

ညီညွတ်သော နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ (UPPA) ကိုဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star ဟိုတယ်တွင် ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ၊ လူထုပါတီ ၊ မြန်မာ့ပြည်သူ့ ဒီမိုကရက်တစ်ပါတီ ၊ ပြည့်သူ့အလုပ်သမားပါတီ ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမာပြည်သူ့ပါတီ ၊ ချင်းတိုင်းရင်းသားများပါတီ ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ ၊ ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ ၊ပြည်ထောင်စုလယ်သမား ၊အလုပ်သမား အင်အားစုပါတီ စသည့်
၁၁ ပါတီ တို့ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။

"ကျွန်တော်တို့ မဟာမိတ်အဖွဲ့အနေနဲ့က တိုင်း ၇ တိုင်းလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ ၊ တစ်ပါတီ နဲ့ တစ်ပါတီ ညှိပြီးတော့ပေါ့။ ဘယ်ပါတီက ဘယ်နေရာတွေဝင်ပြိုင်မယ် ၊ ဘယ်လောက်ဝင်ပြိုင်မယ်ဆိုတာတော့ အတိအကျ မထွက်သေးဘူး။ ခွဲတမ်းအလိုက်ဝင်ပြိုင်ကြမှာပါ" ဟု ဦးကျော်ဇင် ကဆိုသည်။

ပြည်သူ့အလုပ်သမားပါတီအနေနှင့် ရန်ကုန်တိုင်းဒေသကြီး ၊ပဲခူးတိုင်းဒေသကြီးတို့တွင် မဲဆန္ဒနယ် ၄၀ မှ ၅၀ အတွင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်မှန်းထားပြီး ရွေးကောက်ပွဲကာလတွင် ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းကာ အောင်နိုင်ရေးရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

S-08