News

POST TYPE

2020 ELECTION

ဖက်ဒရယ်ပြည်ထောင်စုပုံဖော်ရေးအတွက် ပြည်သူ့အကျိုးဆောင်ရွက်ရန် NLD တိုက်တွန်း
10-Mar-2020
နေပြည်တော် ၊ မတ် ၉ 

ဒီမိုကရေစီစနစ် အခြေတည်ခိုင်မာစွာ တည်ဆောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပုံဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများအကျိုးကို ဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမေဝင်းမြင့်က တိုက်တွန်းပြောကြားသည်။

ပျဉ်းမနားမြို့ မဟာဗျူဟာဗိမာန်၌ မတ် ၉ ရက်နေ့ကကျင်းပသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တိုင်း နှင့် ခရိုင် အလုပ်အမှုဆောင်များတွေ့ဆုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုလိုအခြေအနေမျိုးမှာ ကျွန်မတို့အနေနဲ့ နောက်တစ်ကြိမ် အမှားမခံဖို့၊ တစ်ကနေပြန်မစရဖို့ အင်မတန်မှ အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူ့ပါတီ NLD ဆိုတဲ့စကားအတိုင်း ပြည်သူများအတွက် ဒီမိုကရေစီ အခြေတည်ခိုင်မာ စွာတည်ဆောက်ဖို့၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်၊ ဖက်ဒရယ်ပြည်ထောင်စုကိုပုံဖော်ဖို့အတွက်၊ ပြည်သူတွေရဲ့အကျိုးကို ဆောင်ရွက်ပေးနိုင်ဖို့ ဆောင်ရွက်ပေးကြပါ”ဟု ဒေါက်တာ မေဝင်းမြင့်က ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရန် အားထုတ်နေသောအချိန်ဖြစ်သည့်အတွက် အခက်အခဲများနှင့် အတားအဆီးများကို တွန်းလှန်ရမည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

မကြာမီကာလအတွင်း ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ရွေးချယ်ရာ၌ မြို့မိမြို့ဖများရွေးချယ်ရန် မူတစ်ခုချမှတ်ပြီးဖြစ်ကြောင်းလည်း ဒေါက်တာ မေဝင်းမြင့်က ရှင်းပြသည်။

“မြို့မိမြို့ဖဆိုတာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီ ခရီးကြမ်းကိုဖြတ်သန်းတဲ့အခါမှာ ပါဝင်ခဲ့ကြ၊ အားပေးဝန်းရံခဲ့ကြတဲ့သူတွေပါ။ အခု လည်း NLD အဖွဲ့ချုပ်ကို ဝန်းရံတဲ့သူကို မြို့မိမြို့ဖလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြို့မိမြို့ဖတွေ ရဲ့ထောက်ခံမှုနဲ့ အလုပ်အမှုဆောင်အဖွဲ့များက ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ ကျွန်မတို့ရဲ့ မြို့နယ်အတွက် အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရည်အသွေးရှိသူတွေ၊ ကိုယ်စားလှယ်လောင်းဖြစ်နိုင်တဲ့ ပြည်သူတွေ၊ မဲပေးနိုင်တဲ့ ကိုယ်စားလှယ်တွေကို သေသေချာချာ ရွေးချယ်ပေးကြပါ”ဟုလည်း NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင်လည်းဖြစ်သူ ၎င်းက ထပ်မံပြောကြားသည်။ 

လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများအတွက် ပြည်သူများက ရွေးချယ်သော ကိုယ်စားလှယ်၊ ပြည်သူကတာဝန်ပေးအပ်သည့် အစိုးရဖြစ်ရန် ကြိုးပမ်းအားထုတ်ရဦးမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည် ထောင်စုစစ်စစ်အဖြစ် ရုပ်လုံးပေါ်လာစေရန်လည်း ကြိုးပမ်းအားထုတ်ရဦးမည်ဖြစ်ကြောင်း ဒေါက်တာမေဝင်းမြင့်က ပြောကြားခဲ့သည်။ 

မင်းသုခိုင်