News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲတွင် AA အဖွဲ့၏ ဖိအားပေးခံရမည်ကို ကြောက်နေရဟုဆို
05-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၄

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ ဖိအားပေးခံရမည်ကို ကြောက်နေရကြောင်း မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်မင်း က The Voice Daily သို့ ပြောကြားသည်။

"၂၀၂၀ ရွေးကောက်ပွဲမှာ မမျှော်မှန်းရဲဘူး။ အခုဆိုရင် AA အဖွဲ့က အားကောင်းနေတယ်ဆိုတော့ ဖိအားတွေပေါ်လာမလားမသိဘူး။ လူတွေက ကြောက်နေကြပြီ။ တိုင်းရင်းသားတွေအပေါ်မှာ ဘယ်ပါတီကို ထည့်ပေးရမယ်၊ ဘယ်သူ့ကိုမှ ထည့်ပေးရမယ်ဆို တဲ့ပြဿနာမျိုးပေါ့။ ဒီလိုဖြစ်ဖို့ အလားအလာတွေများနေတယ်။အကြမ်းဖက်မှုတွေက ဖြစ်နေတယ်။ မထင်ရင်မထင်သလို ဆွဲခေါ်သွားတဲ့သဘောမျိုးရှိတယ်" ဟု ၎င်းကဆိုသည်။

မြိုတိုင်းရင်းသားများအနေနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့တွင်နေထိုင်ကြပြီး လူဦးရေ တစ်သိန်းကျော်ရှိကြောင်း မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။

"အခုဆိုရင် စစ်ပြေးဒုက္ခသည်တွေရှိတယ်။ တောတောင်တွေ ၊ မြို့ပြတွေကို လွတ်လွတ်လပ်လပ်သွားလာလို့ မရဘူး။ စိတ်ချလက်ချ သွားလာလို့မရဘူး။ အကြမ်းဖက်မှုတွေရှိနေတယ်။ လုံခြုံတဲ့အနေအထားမရှိဘူး။ ရွေးကောက်ပွဲကလည်း ဖြစ်မလား မဖြစ်လား မသေချာသေးဘူး။ ပါတီအနေနဲ့ ပြိုင်ရင်လည်း ၄၊ ၅ ယောက်လောက်ပဲ ဝင်ပြိုင်ဖြစ်မှာပါ" ဟု ဦးကျော်မင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်တွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏား ကျွန်း၊ အမ်းနှင့် မြေပုံမြို့နယ် စသည့် ၉ မြို့နယ်အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)  နှင့် တပ်မတော် တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ရှိကြောင်း ရခိုင် တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးထံမှ သိရသည်။ 

S-08